လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Friday, December 24, 2010

လည်နေတဲ့ ပန်ကာ

လည်နေတဲ့ပန်ကာဟာ သူ့ဝတ္တရားမပျက်
လည်နေခဲ့ လည်ခဲ့
နေ့တွေထဲ နေ့စဉ်။

လည်နေတဲ့ ပန်ကာဟာ
ကွန်ပျူတာနှစ်လုံး သင်ဖြူးဖျာတစ်ချပ်
ပလပ်စတစ်နောက်မှီထိုင်ခုံသုံးလုံး
သံဗီရိုတစ်လုံး ကုတင်တစ်လုံး လူနှစ်ယောက်
နဲ့အတူ အခန်းထဲ ချာချာလည်ခဲ့။

လည်နေတဲ့ ပန်ကာဟာ သူ့အစွမ်းရှိသလောက်
အခန်းကို အအေးဓာတ်နဲ့ မေတ္တာပေးဖို့ ကြိုးစား(ကြိုးစားခဲ့ပါတယ်)
အိမ်မြှောင်နှစ်ကောင် မျက်နှာကျက်မှာ ဇောက်ထိုးခိုတွဲ
လည်နေတဲ့ပန်ကာက နေ့တိုင်း မြင်ရတယ်
နံရံထက် ဂစ်တာတစ်လက်နဲ့ ပြက္ခဒိန်တစ်ချပ်
လည်နေတဲ့ပန်ကာက နေ့တိုင်း မြင်ရတယ်
သူက လူနှစ်ယောက်ရင်ဘတ်ထဲ ပတတ်ရပ် ထိုးပေါက်နေတဲ့
စကားပန်းပင်ကြီးကိုလည်း မြင်တယ်
မဖော်ပြ၀ံ့မှု တိမ်ခိုးတွေကိုလည်း မြင်တယ်
တွင်းအောင်းသတ္တ၀ါလို နာကျင်ပိတ်ခဲနေတဲ့
ခံစားချက်တွေကိုလည်း မြင်တယ်
ဒါတွေကို မြင်မက်ရင်း သူလည်ခဲ့။

သူ့ဘ၀လည်ပတ်မှုတွေထဲ
သူ့ကိုယ်သူ ဆေးခတ် လိုရာဆွဲရင်း
လည်နေတဲ့ပန်ကာဟာ သတိရစိတ်နဲ့ဖုံးကွယ်ထားတဲ့ရိုက်နှက်သံ
မျက်ရည် ၀န်မခံလိုခြင်း လိင်စိတ် ဟာသ
ညစာ အချစ် အတ္တ မြို့ပြဘ၀နဲ့ ငွေကြေး
ဘာဆိုဘာကိုမျှမသဲကွဲ သူ့သိစိတ်ထဲဖိုးကပ်စ်မပြတ်တဲ့
နေ့တွေထဲ နေ့စဉ် မှန်မှန်
လည်ပတ်ခဲ့။

ဒီနေ့ ကြာသပတေးနေ့
ညနေခင်း မီးလည်းပျက်၍
လည်နေတဲ့ ပန်ကာ ရပ်တန့်နေတယ်။

ပိုင်မင်းဆွေ
(၁ ဂျူလိုင် ၂၀၁၀)

Tuesday, October 12, 2010

ငါ့ညီမလေး လွှတ်တဲ့ မီးပုံး (နေမွန်းသင်)

photo:Internet




















ငါ့ညီမလေး လွှတ်တဲ့ မီးပုံး

သီတင်းကျွတ်ပြီ
မလွတ်မြောက်မှုတွေ ကိုယ်စီချိတ်ဆွဲပြီး
မီးပုံးပျံလွှတ်ရအောင်။

ညီမလေးရေ
ငါ့ဝိညာဉ်ကို ရေနံလောင်းပါ
ငြီးငွေ့မှုနဲ့ အားပါးတရလောင်ကျွမ်းရင်း
အခိုးအငွေ့အဖြစ်
နင့်လက်နဲ့ ယက်လုပ်ထားတဲ့ မီးပုံးလေးမှာ
ယီးလေးခို လိုက်ပါသွားရစေ
ကမ္ဘာမြေဟာ
သွေးညှီအနံ့တွေနဲ့ မွန်းကျပ်နေခဲ့ပြီမဟုတ်လား။

အဝေးကြီးကနေ
ငါ့ကိုမျှော်လင့်မနေပါနဲ့တော့
အနာတရတွေအကြား အရေခွံထူလာတဲ့သူမို့
အိမ်ပြန်လမ်းတွေ ၀ိုးတ၀ါး
နင့်စာသင်ခန်းလေးပဲ နင်ဂရုစိုက်ပါ။

နာကျင်မှုတွေ ကိုယ်စီပွေ့ရင်း
ငါတို့လျှောက်ခဲ့တဲ့လမ်းကလေး ခြောက်သွေ့ပေမယ့်
မဟောင်းနွမ်းသေးဘူး
ခရီးပမ်းပေမယ့် အရောင်မလွင့်သေးဘူး
အခုလိုလပြည့်ညတွေမှာ
ပြန်မဆုံနိုင်တဲ့မိသားစုတွေရဲ့ ကိုယ်စား
ရဲရဲဝံ့ လမ်းထွင်သူတွေရဲ့ကိုယ်စား
ရင်ပြင်တော်အပြည့် ဆီမီးလှူခဲ့ပါ။

သီတင်းကျွတ်ပြီ
ကောင်းကင်ပြင်တဆုံး
အနှောင်ဖွဲ့မဲ့ ပျံသန်းနေတဲ့ မီးပုံးတွေပဲငေးရင်း
ဘ၀ရဲ့ မပြေနိုင်တဲ့အမောတွေကို
ဒီလိုချရေးမိတယ်
ဘယ်တော့များ ဘ၀ကို ဘ၀လို
ညီမလေးလွှတ်တဲ့ မီးပုံးလေးမှာ ယီးလေးခိုခွင့်ရပါ့မလဲ… ။ ။


နေမွန်းသင်

-ညီမလေးရဲ့မွေးနေ့ အမှတ်တရ
(၂၄-၁၀-၀၇)



Note

မြန်မာကဗျာဘလော့/စာမျက်နှာတွေ ယနေ့လိုများများစားစား မရှိခင်က ခင်မင်ခဲ့တဲ့
ကဗျာဆရာ နေမွန်းသင်ရဲ့ ကဗျာလေးကို တင်လိုက်ပါတယ်။ သီတင်းကျွတ်တော့မယ်လေ။
ပိုင်မင်းဆွေ

Saturday, October 2, 2010

လွမ်းစေတီ

သစ်ရွက်ခြောက်ရှို့မီးထဲ
လေလွင့်ဆုတောင်းများ မယုံနိုင်ပြီ
ချင်းတွင်းမြစ်က မမြဲခြင်းတရားကို ညည်းတွားလို့
လယ်ကွင်းကို ဖြတ်တိုက်လာတဲ့ လေအား
ကမူနဲ့ ထန်းပင်တွေက သပ်တင်တီးခတ်လို့
ခေါင်းလောင်းသံနဲ့ ထီးရိပ်မှာ အေးရာအေးကြောင်း
စိတ်ရူးတွေ ရပ်တန့်ရာ ရပ်တန့်ကြောင်း
ဆူးခြစ်ရာ လမ်းကြောင်းလေးအတိုင်း
သီးခြားတောင်ကုန်းလေးပေါ် ကုပ်တွယ်တက်ခဲ့ရာ
လမ်းတလျောက်
ကင်မရာမြင်ကွင်းထဲ ဖမ်းလို့မမိတဲ့
ရနံ့ နဲ့ အသံ
ဆန့်တန်းထားတဲ့ အစွဲအလန်းများ
တဖျပ်ဖျပ် တချပ်ချပ်
သတိရခြင်းမီးပွင့်တွေ ကုန်အောင်ထိရိုက်
ဇာတ်နာသူကြီး မျက်ဝန်းသားများ မို့အစ်
နောင်ဘ၀ဆိုတာ ရှိခဲ့လည်း
သံတွေကို မီးနဲ့ မပြုပြင်လိုတော့ဘူး
အပြန်လမ်းမှာ ဓါးတွေ ထိုးအန်ခဲ့တယ်။

ပိုင်မင်းဆွေ
( ၁ စက်တင်ဘာ ၂၀၁၀)
၁၁ နာရီ ၃၀ မိနစ်။
လမ်းကြား ၁/၂ ကဗျာစာအုပ်။


Monday, August 16, 2010

ငါနဲ့လမ်း

ခြေတစ်လှမ်းချလိုက်တိုင်း ပို၍ဆန့်ကား
ရှည်ထွက်သွားတဲ့လမ်းမ
အဲဒီလမ်းမဟာ
တစ်ဦးတစ်ယောက်တည်းအတွက် ရှိနေခဲ့ပြီး
အဲဒီတစ်ဦးတစ်ယောက်ဟာ ငါဖြစ်ခဲ့တယ်
ငါ့အလုပ်က
ရပ်တန့်နေဖို့ မဟုတ်ဘူးတဲ့
ငါလျှောက်နေရပေါ့
အဲဒီလမ်းမပေါ်မှာ
တစ်ယောက်တည်း။

နေမျိုး

လူဖြစ်ရတာကောင်းတယ် ကဗျာစာအုပ်မှ




Friday, August 6, 2010

မိသားစု

အငယ်ကောင်က ထမင်းဝိုင်းပြင်တော့
အကြီးကောင်က ဓားသွေးနေတယ်
ညီမလေး ပန်းကန်တွေ ဆေးထားပါ
ဖေဖေ ပြန်မလာသေးဘူးလား
မေမေ အိမ်ရှေ့ထွက်မျှော်နေတုန်းပဲလား။

ပိုင်မင်းဆွေ
(ဂျူလိုင် ၂၀၁၀)


Wednesday, August 4, 2010

ကျေးလက်ရိုးရာ သစ်စေ့ချတေး


ထစမ်းကွယ်
မနက်
မနက်
မျက်ရည်လေး ခေါက်သိမ်းပြီး
သမီးရေ
ကိုကိုတို့နဲ့ ကျောင်းလိုက်သွားပါကွယ်
ဒါ
နားဆွဲကြီး ကြီးကြီးသီးလာအောင်
နားဆွဲ သေးသေးလေးကို ဖြုတ်ပြီး
စိုက်ပျိုးထားရတာပေါ့။

ခင်မောင်နိုင်ဦး

ပေဖူးလွှာမဂ္ဂဇင်း။


Saturday, July 31, 2010

ယာဉ်ပျံကြီး စီးပြီး ရောက်လာတယ်

တစ်ခုခုဆို မြို့ပြင်ဖက် ထွက်ကြည့်တတ်ကြလို့
မြို့ပြင်ဖက် ရွေးဆင်းခဲ့တာ
အ အာ အိ အီ နဲ့ပဲ နှုတ်ခွန်းဆက်ရတယ်
ဒါတောင် ဂြီဂြီ ဂေါင်ဂေါင်တွေ မပြောရသေးဘူး
လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား
ကင်မရာလေးထုတ်ပြီး တဖျပ်ဖျပ် တချပ်ချပ်
မြင်သမျှမှတ်တမ်းတင်ရ ပြန်ရောက်ရင်
ရီပို့တင်ဖို့ ဖတ်ညွှန်းရေးဖို့
ဒီလိုနဲ့ မီဒီယာတွေ ၀ိုင်းမလာခင်
ထန်းရည်သောက် ကျူရိုးဦးထုပ်လေးဆောင်းပြီး
တနင်္ဂနွေနေ့က ပြန်ခဲ့တယ်။

ပိုင်မင်းဆွေ
(၈ ဂျူလိုင် ၂၀၁၀)



Wednesday, July 28, 2010

ပွန်းပဲ့နေတဲ့ငှက်တစ်ကောင်

အပြင်မှာ
မှောင်တော့မယ် ညီမလေးရေ

ခုလိုညနေခင်းတွေဆို
ခိုကိုးရာမဲ့ငှက်တွေကို အစာချကျွေးရင်း
ကိုယ့်ညီမလေးလည်း
လောကကို တစ်ဆုံးတွေးနေတော့မယ်။

အေးကွာ
မြို့ကြီးပြကြီးဆိုတာလည်း
တောကြီးမျက်မည်းလိုပါပဲ
လမ်းမနဲ့တူတဲ့ကိုယ့်ဘ၀ကို
ငုံ့ကြည့်ပြီး လျှောက်တာတောင်
လမ်းပျောက်လိုပျောက်
သစ်ပင်နဲ့တူတဲ့ လူရဲ့အောက်မှာရပ်ရင်း
မျက်လုံးနဲ့မတူတဲ့ အကြည့်တွေကို ရှောင်ဖယ်ရင်း
ကိုယ့်ညီမလေးချကျွေးတဲ့
အစာဗန်းလေးထဲမှာ
ငှက်တစ်ကောင်ဖြစ်ချင်ပါတယ်။

အခုလို အမှောင်တွေ တရစ်ချင်းဆင်းလာပြီဆို
ကိုယ့်ကိုယ်ကို ညဥ့်နက်ထားရတဲ့နေ့တွေဟာ
ခေါင်းပေါ်ကဆံပင်တွေလို ရှည်လျားဆဲ
ဒုက္ခဆိုတာကလည်း
တစ်ခါတစ်လေ ဖီးသင်သပ်ရပ်လိုက်
တစ်ခါတစ်လေ ရှုပ်ထွေးပွယောင်းလိုက်မဟုတ်လား
ငှက်တွေအိပ်တန်းဝင်ကြပြီ ညီမလေးရေ
"
ငါလည်းဒီည ဘယ်အကိုင်းမှာနားမလဲ"
အတွေးထူထူ
တိရစ္ဆာန်ရုံနဲ့တူတဲ့
ဆူဆူညံညံ အရက်ဆိုင်လေးထဲက ထွက်လာခဲ့တယ်။

ကဲ . . .
လောကကို ခပ်မော့မော့ကြည့်တတ်တဲ့ ကိုယ့်ညီမလေးရေ
မိုးတွေလည်းမှောင်လာပြီ
မင်းအခန်းတံခါးကို ပိတ်လိုက်တော့
မင်းစာဖတ်ချိန် မင်းအိပ်ချိန်
ပြီးတော့ မင်းအိပ်မက်တွေထဲ
ခေါင်းငိုက်စိုက် ပျံသန်းလာတဲ့ငှက်တစ်ကောင်
ခပ်တိုးတိုးပေါက်ကွဲရင်း
လမ်းလျှောက်နေတာတွေ့ရင်လည်း
မင်းသိထားတဲ့ အဘိဓမ္မာတွေ ဒိုင်ယာလော့တွေနဲ့
ငါ့ဘ၀ထဲ ချကျွေးပါအုံးကွာ

ဝင်းမြင့်



Thursday, July 22, 2010

ငါ့ရဲ့အခင်းအကျင်း

ငါ့အရိုးတွေအကြောင်း ငါမပြောနိုင်
ငါ စိတ်လိုလက်ရရှိတုန်းကတော့
ငါ့ကိုယ်ထဲ ငါစမ်းကြည့်
ငါ့သွေးကြောထဲမှာ ချောက်နက်နက်တစ်ခုရှိတယ်
အဲဒီချောက်ထဲသို့ ငါလွှတ်လိုက်တဲ့ စာပို့ခိုတွေ
ငါ့ဆီတစ်ကောင်မှ ပြန်ရောက်မလာဖူးဘူး
တကယ်တော့ ငါ့အကြောင်းဟာ ပျင်းရိဖွယ်ပါ
ငါ့စိုက်ခင်းမှာ ထူးဆန်းတာဘာမှမရှိ
ငါ့မသိမှုတွေသာ ကိုင်းဆက် အသီးမြန်ခဲ့ရ
မျက်လုံးဝင်းဝင်းများနဲ့ မင်းကိုငါချစ်တယ်ဆိုပြီး
ကြာသပတေးညတွေမှာ ငါ ထထယောင်မယ်
ခေတ်နဲ့ ရင်းရင်းနှီးနှီးရှိတဲ့ ငါ့မီးတွေ
မြန်နှုန်းမြင့်မြင့် ထထလောင်မယ်
ဘီယာဆိုင်သွားရင်း ကေတီဗွီထိုင်ရင်း
ငါ လှလှပပ အရွယ်ရောက်လာတာဟာ
ငါ့ကိုဖမ်းမယ့် ငါ့ထောင်ချောက် ပိရိသေသပ်တာလို့ခေါ်တယ်
ဘွဲ့တွေရ လခတွေရ ဘယ်လောက်သေသပ်သလဲ
ဟိုဟာတွေငါပိုင် ဒီဟာတွေငါဆိုင်
ငါ့ဖြတ်လျှောက်ဇာတ်ဝင်ခန်းဟာ ကြေးကြီးလာခဲ့
ငါဟာမိန်းမော ငါဟာမျော ဒီလိုဆို
မဖြစ်သေးဘူး ငါအချီကြီးခုတ်ပိုင်းမိတော့မယ်
ငါ့ကြောက်စိတ်တစ်ပတ်ပြန်လည် ငါ့ကြေးစည်သံငါကြားမိ
ငါ့မွေးနေ့မှာ ငါ့ကိုယ်ငါ သွေးအေးအေး ဖြုတ်ပစ်တယ်
ငါဟာ ငါ့ပြုတ်ထွက်လက်နှစ်ဖက်ကို ကြည့်ပြီး ရယ်တယ်
ငါ့ပဲ့ကွာခြေထောက်နှစ်ချောင်းကို ကြည့်ပြီး မောတယ်
အခု ငါ့ကိုယ်ကောင်ဟာ ငါ့ညစာ
ငါ့ဦးခေါင်းက ၀ါးလုံးကွဲဟာသပဲ
ငါ့မျက်လုံးနဲ့ငါ့နားရွက်တွေကို ကိုင်ကြည့်နေတဲ့
ငါ သို့မဟုတ် ငါး
(ယနေ့ထိ) ငါ့ကိုဘာနဲ့မျှားမျှား
ငါတို့ မိမြဲမိတယ်။

ပိုင်မင်းဆွေ
( ၂၀ ဂျူလိုင် ၂၀၁၀)
၎း၁၁-၅း၀၀-၅း၂၄ မနက်။



*ကဗျာဆရာအောင်ပိုင်စိုးရဲ့ Poet's Choice အစီအစဉ် စာမူတောင်းတုန်းက ဒီကဗျာလေးကို ပေးခဲ့မိတယ်။
ဒီလင့်များမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

>>Poet's Choice by Pi Min Swe
>>ငါ့ရဲ့အခင်းအကျင်း

Friday, July 2, 2010

လက်ထပ်ပွဲ

တိမ်ပြာသော နေ့တစ်နေ့မှာ
ရောင်စုံပူပေါင်းများနဲ့ သတို့သမီး
ယာဉ်ပျံကြီးစီးပြီး ရောက်လာပြီ
ဒါဟာ ဂြိုလ်သစ်တစ်ခုတွေ့ရှိခြင်းပါတဲ့
သူမ ပြုံးထားတယ်
ဓာတ်ပုံရိုက်ပေးမယ့်သူ မရှိဘူး
လက်ခုပ်သံနဲ့ ပိုးသားဝတ်စုံ မရှိဘူး
အနာတရ မိုးတိမ်တွေ ဆင်ယင်၍ပဲ
ကာဆယ်နဲ့မြင်းကို ထိုးကျွေး၍ပဲ
ခန်းမထဲ တိတ်တဆိတ် လှမ်းလာတယ်
အလာတုန်းက ယာဉ်ပျံကြီး
ပေါက်ကွဲ ပျက်စီး သွားခဲ့ပြီ။

ပိုင်မင်းဆွေ
( ၂ ဂျူလိုင် ၂၀၁၀)

Thursday, July 1, 2010

ပြန်လာသူ

သူ့ကို သေချာထုပ်ပိုးပြီး
လက်ဆောင်ပစ္စည်းတစ်ခုလို ပြန်ပို့လိုက်ကြတယ်။

အထုပ်ကို ဖြေလိုက်တော့
မြင်သူအားလုံး လန့်သွားကြတယ်
သူ့တစ်ကိုယ်လုံး ချုပ်ရိုးတွေနဲ့။

ဘာဖြစ်ခဲ့တာလဲ
ကရုဏာနဲ့ မေးသူမေး
သူ့နှုတ်ခမ်းတွေပါ ဘယ်လိုလက်လွန်ချုပ်မိသွားလဲမသိဘူး။

သူ့မျက်လုံးတွေထဲမှာ
မျက်ရည်တွေဝဲလို့ --
သူ့မှတ်ဉာဏ်ရဲ့ ချုပ်ရိုးတွေထဲမှာ
မှောင်မိုက်ညပဲ။

သူ့ကို ထုပ်ပိုးခဲ့တဲ့
အရောင်တောက်တောက်
အဆင်လှလှ
ကိုင်လိုက်ရင် ကြွပ်ကြွပ်မြည်တဲ့
ထုပ်ပိုးစက္ကူကိုသာ ငေးစိုက်လို့။


ဇေယျာလင်း
(၂၁ ဧပြီ၊ ၂၀၀၃)

Saturday, June 26, 2010

ငှက်ကလေး













ငှက်ကလေး

လေချွန်သံကို ငှက်ကလေးက နားလည်တယ်
"ရွှီး" ဆို ပုခုံးပေါ် ရုတ်ချည်း ရောက်ရောက်လာတယ်
သူ့အတောင်ပံတွေနဲ့ လူကို ဆွဲချည်တစ်ခါ ခတ်ချည်တစ်လှည့် မြူးထူးလို့
လက်ဟန်ခြေဟန်ကို ငှက်ကလေးက သိတယ်
သူဘယ်တော့မှ ခပ်ဝေးဝေး ပျံသန်းမသွားဖူးဘူး
အဝေးက လေးလံမှုန်မှိုင်းမှုတိမ်တွေ ပြိုဆင်းလာပြန်ပြီ
နေညိုရင် ဒီလမ်းကလေးမှာ မြွေလိမ်မြွေကောက်ပုံစံ ဆိုင်ကယ်ထွက်စီးကြမယ်
ထန်းပင်တွေနဲ့အနားသတ်ထားတဲ့ လွင်ပြင်ဟိုဖက်မှာ ဘာရှိလဲ
ငှက်ကလေး မျက်လုံးတွေ ၀င့်ပြီး မေးဖူးတယ်
လေချွန်တတ်သူရဲ့ ဆံပင်ရှည်တွေကို ထိုးဆိတ် ဆွဲဖွနေရတာ နှစ်ခြိုက်တယ်
နွေဦးကိုလည်းစောင့်ကြည့်ဖူးတယ် သတိရမှုကိုလည်းပိုင်ဆိုင်ဖူးတယ်
လေချွန်တတ်သူကို ကမ္ဘာတစ်ခုလို့ ငှက်ကလေး ထင်နေတုန်းကပေါ့
တရုတ်ဆိုင်ကယ်လေးကိုယ်တိုင်မောင်းပြီး လာနေကျလမ်းကလေးအတိုင်း
နောက်တော့လည်း အဝေးပြေးကားတွေ စီးရတယ်
သွားရမယ့်ခရီးက ပို၍ ဝေးလံလာတယ်
ဧရိယာကုဒ်တွေ အမျိုးမျိုးပြောင်းပြီးခေါ်ဆိုရတယ်
မြန်မာငွေကနေ နိုင်ငံခြားငွေကို လဲလှယ်ရတယ်
ဒီလိုနဲ့ ခရီးက လေယာဉ်ပျံကြီးစီးမှ ရောက်တော့မယ်တဲ့
လမ်းတွေအကြောင်း ငှက်ကလေး ကောင်းကောင်း သိခဲ့တော့တယ်
လူတွေအများကြီးနဲ့ဆက်ဆံရတယ် တဖြည်းဖြည်းပျောက်ဆုံးလာတယ်
ဒီလို ဆုံးရှုံးစရာတွေများမယ်မှန်းသိရင် ငှက်ကလေး မပျံသန်းခဲ့ဘူး တကယ်
သူ့အတွက်တော့ သူ ထင်မထားတာတွေပဲ ဖြစ်ခဲ့တယ်
ငှက်ကလေး မပျော်တော့ဘူး
မပျော်လို့လည်း အပျော်တွေကို မွတ်မွတ်သိပ်သိပ် ရှာခဲ့တယ်
ရောက်ရာအရပ်ကနေ ငှက်ကလေး ပြန်လှည့်ကြည့်တယ်
သူထွက်လာတုန်းက ထန်းပင်တွေကို မမြင်ရတော့ဘူး
လမ်းတွေက ရှည်လျားရှုပ်ထွေးခဲ့ပြီ
တရုတ်ဆိုင်ကယ်လေးကို ငှက်ကလေး သတိရလာတယ်
လိုရာကို ထိန်းကျောင်း မောင်းနှင်ခဲ့ဖူးတယ်
ခေတ်နဲ့ လမ်းများက သူ့ကို မောင်းနှင်ခဲ့သလိုပေါ့
ဘာပဲပြောပြော အဲဒီတုန်းက လူကြီးမိဘစကားကို နားထောင်ခဲ့တယ်
ရိုးသားခြင်းဟာလည်း ငါးပါးသီလလို မြဲမြံခဲ့
အရာရာကို အရင်းအတိုင်း ရခဲ့ဖူးတယ် ရှိခဲ့ဖူးတယ်
ဒါတွေတွေးမိတော့ မျက်ရည်စို့လာတယ်
တော်ပြီ မတွေးတော့ဘူးဆိုပြီး သနပ်ခါးလေးလိမ်း
စိတ်ပြေလက်ပျောက် ဘုရားကျောင်းကန်ဖက်ထွက်လာခဲ့တယ်
ရင်ပြင်တော်ပေါ် တံမြက်စည်းလှည်းတယ်
တံမြက်စည်းလှည်းရင်း မရဘူး ငှက်ကလေး စဉ်းစားမိပြန်တယ်
ဘုရားကျောင်းဝင်းထဲက စကားပန်းပင်ကြီးအကြောင်း စဉ်းစားတယ်
ငယ်ဘ၀ စာသင်ခန်းနဲ့ လွယ်အိတ်အနီလေးအကြောင်း စဉ်းစားတယ်
စဉ်းစားရင်း သတိတွေရလာတယ် ခံစားလာရတယ်
ခံစားချက်တွေရှိသေးလည်း လေချွန်သံကြားရင်
မြစ်ဟောင်းတစ်စင်းနဲ့တူတဲ့ လူရဲ့   ပုခုံးပေါ်ကို
ငှက်ကလေး အရင်လို အပြေးပျံသန်းသွားမှာမဟုတ်တော့ဘူး။

ပိုင်မင်းဆွေ

Tuesday, May 25, 2010

ညောင်ညိုပင်စခန်း

တို့ရောက်တာနဲ့ အတိတ်ဟာ အုံ့ဆိုင်းတော့တာပဲ
သနပ်ခါးရနံ့လေးကအစ နိုင်ငံခြားဖြစ်ရေမွှေးနံ့အဆုံး
ထိတ်ထိတ်ပျာပျာဖြစ်ခဲ့ဖူးသမျှ မပီပြင်တော့မှုထဲ တိမ်ဝင်
ဟိုအရင် စကားပန်းတွေနဲ့ သူ့ရယ်သံ သိပ်လှ/သိပ်ရိုးသား
သူ့ဆီကကြယ်တွေ တို့ဆီ ပစ်ပစ်ပေါက်သလိုရောက်လာဖူးတယ်
အဲသလို ရောက်လာခဲ့ဖူးတာ ကျိန်တွယ်ပြောဆို ပြောပါ့မယ်
အခုတော့ သူ့အသား သူဆိတ်ကြည့်ရ
ကိုယ့်သွေးကိုယ် စမ်းကြည့်ရ
တူတူပုန်းတမ်းကစားရင်းနဲ့ နတ်ဖွက်ခံခဲ့ရပေါ့
ပုန်းနေတဲ့ ထောင့်ချိုးလေးကနေ ပျောက်သွားလိုက်တာ
လိုက်ရှာသူတွေ လက်ချည်းဗလာ ပြန်ခဲ့ရတယ်။

ပိုင်မင်းဆွေ
၂၅၊ မေ ၊၂၀၁၀
၉.၄၇ မနက်။

http://modernpoemroad.blogspot.com

Saturday, May 22, 2010

ပိတောက်တွေပွင့်ပြီးမှ ပို့တဲ့ကဗျာ

ပန်းပွင့်လေးကို ပန်းအိုးထဲမှာ သတ်လိုက်ပြီး
ရွှေငါးလေးကို ရေကန်ထဲမှာ သတ်လိုက်သူ
လူသားဟာ
ဧည့်ခန်းထဲမှာ သူ့ကိုယ်သူ
ယဉ်ကျေးသူ
အလှတရားမြတ်နိုးသူအဖြစ် သတ်လိုက်ပြီ။

ငါ့ကဗျာတွေ
စာမျက်နှာပေါ်မှာ
ပါဖို့ ကြိုးစားခဲ့သလို။

သုခမိန်လှိုင်

Friday, May 7, 2010

ကုန်သည်



တစ်နေ့
ပင်လယ်ဟာ ကုန်းပေါ်တက်လာပြီး
လူ ပန်းပွင့် ကျွဲနွား တဲစု တိုက်တာ ရယ်သံ
သစ်ပင် ကလေးငယ် မျက်ရည် မိသားစု
ကုန်ဈေးနှုန်း လယ်ကွင်း ကျေးငှက် သီချင်းသံ
အဖွားအို စေတီ စပါးကျီနဲ့ ခြံစည်းရိုးများကို
ငိုသံနဲ့လဲလှယ်တယ်။


img source

___________________________________________________________________

ပိုင်မင်းဆွေ


7.5.2010
9:22 PM.


သီတင်းကျွတ်

ရွှေလ ဘုရားအရိပ်ထဲ ဖိတ်ကျ
သူ့အရိပ် ကိုယ့်အရိပ်ထဲ ဖိတ်ကျ
ဆီမီး နဲ့ မီးရှူးတွေ ပြန်သွားပြီ
စက္ကူမီးပုံးကားလေး
အမွှေးတိုင်ရနံ့တွေကြား စတီယာရင်ထိန်းရင်း
လူတွေကို ပို့ပြီး ပြန်လာပြီ
အနမ်းတွေကို သိမ်းကြစို့
ညဥ့်နက်လှပြီ ပြန်ရအောင်။

ပိုင်မင်းဆွေ

Thursday, May 6, 2010

လူဖြစ်ရတာကောင်းတယ်

လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာဟာ ဒုက္ခဘုံထဲ ရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်
ငါဒုက္ခရောက်တုန်းက မင်းတို့မှတ်မိကြသေးလား
အေး... ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
ငါ အစတုန်းက ဒီလောက်မသိဘူး
လူဖြစ်ရတာကောင်းတယ်
ငါတို့အတွက် ခေါင်းကိုက်ပျောက်ဆေးပြားတွေ
လိုသလောက် ထုတ်လုပ်ထားတယ်
ဒါကြောင့်ငါပြောတာပေါ့
လူဖြစ်ရတာကောင်းတယ်
တစ်ခါတစ်လေ ဘ၀င်နည်းနည်းမြင့်၊ တစ်ခါတစ်လေ အရှက်ရ
တစ်ခါတစ်လေ ဆွေး၊ တစ်ခါတစ်လေ သတိရ၊ တစ်ခါတစ်လေ ပျော်ရွှင်
တစ်ခါတစ်လေ စိတ်တို
လူဖြစ်ရတာကောင်းတယ်
သူမဟာ လူသားမိန်းမတစ်ယောက်
ဒါကြောင့် ငါ ရဲရဲကြီးပြောပါတယ်
လူဖြစ်ရတာကောင်းတယ်
ဆေးရုံတက်မလား၊ ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား၊ အပြေးလေ့ကျင့်မလား
အိမ်ထောင်ပြုမလား၊ နေမျိုးကြီးကဗျာတွေဖတ်မလား
လူဖြစ်ရတာကောင်းတယ်
ယဉ်ကျေးပါ၊ သင်ယူပါ၊ ရိုးဖြောင့်ပါ
လူဖြစ်ရတာကောင်းတယ်
လောကကြီးကို အရှူံးပေးခဲ့ပါပြီဆိုပဲ
လူတစ်ယောက်ရဲ့ နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ငါဟာ ၀ံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။

နေမျိုး

Thursday, April 29, 2010

တေး

ဘယ်လိုသတိရမှုမျိုးနဲ့
ငါ ဆိုနေသလဲကွယ်
မေတ္တာတရားဟာ ဂစ်တာကြိုးပေါ် တုန်ခါနေရဲ့
ဟိုတုန်းကစိတ်ဟောင်းလေး ဟိုတုန်းကခုံပြာတန်းလေးပေါ် ရစ်ဝဲ
ဟိုတုန်းက ရန်သူတွေကြား ဓားနဲ့ဒိုင်း
လိပ်ပြာနဲ့ခန္ဓာလို သူသေကိုယ်သေ ချစ်မယ်ဆို
ခုတော့ အစွဲအလန်းတွေပန်ထားတဲ့ အရူး
ငြင်းဆန်တယ် ထွက်ပြေးတယ် ရုန်းတယ်
ဆွဲတဲ့သူကလည်း နောက်တစ်ခေါက် အမြင့်ဆုံးကီးနဲ့
ဆွဲခဲ့တယ် နစ်တဲ့သူကလည်းနစ်ခဲ့တယ်။


ပိုင်မင်းဆွေ

5:14 PM
29.4.2010

Sunday, April 25, 2010

ညီမလေး ပုံပြင်

လက်ညှိုးလေးတထောင်ထောင်နဲ့
ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူး ပြောဖို့ဆိုဖို့
ညီမလေးက မွေးဖွားလာခဲ့တာပေါ့။

ခေတ်ကြီးထဲက
သူလိုကိုယ်လို ခေတ်ပေါ်ညီမလေး
တီဗီကြော်ငြာသီချင်းလိုက်ဆိုမယ်
အွန်လိုင်းတက်မယ်
စကတ်တိုတိုဝတ်မယ်
ဘတ်ဆဲလား ၀တ္ထုဖတ်မယ်။

ကမ္ဘာကျော်ဒဿနတွေဆိုတာ
နောက်ဆုံးတော့ ညီမလေး ပါးစပ်ဖျားပေါ်ရောက်ကုန်တာ
ကျောင်းမှာ အိမ်မှာ
သူငယ်ချင်းတွေကြားမှာ
ညီမလေး နှုတ်သီးကောင်းကြောင်း သတင်းများ
ညီမလေးခြေရာလက်ရာ။

ကျောင်းစာမှန်မှန်လုပ်တတ်တဲ့ညီမလေးဟာ
ကမ္ဘာကြီးပူနွေးလာသလို မိသားစုပူနွေးလာတာကိုကျ
မသိတာလား မသိချင်ယောင်ဆောင်တာလား
အ၀တ်အစားလှလှလေးတွေကိုသာ ညီမလေးမြင်တတ်လို့
မနက်ဖြန်ကို ညီမလေးမမြင်ရတာပေါ့။

အမေ့မျှော်လင့်ချက်နဲ့တူတဲ့ ညီမလေး
ဘ၀ဆိုတာ မင်းနှုတ်ခမ်းစုဖို့သက်သက်
ရှင်သန်နေတာမျိုး မဖြစ်စေနဲ့
မင်းအစ်ကိုတွေကို ရန်ထောင်သလို
လောကကြီးကို ရန်ထောင်ဖို့မဖြစ်နိုင်ဘူး။

အလိုမကျတဲ့အခါတိုင်း
အခန်းတံခါးပိတ် စိတ်ကောက်တတ်တဲ့ ညီမလေးဟာ
တနေ့ကျ မိခင်တစ်ယောက်ဖြစ်လာဦးမှာ
အမေ့နို့ကို မင်းစို့ပြီး အားသစ်တွေရခဲ့ဖူးသလို
မင်းဆီက ဖြစ်လာမယ့် မင်းရင်သွေးလေးတွေအတွက်
အေးမြတဲ့မင်းနို့ရည်ဟာ
စစ်ပွဲတွေကို ပျက်ရယ်ပြုခြင်းသီချင်းတစ်ပုဒ်
မေတ္တာတရားကိုယ်စား အစာအငတ်ခံသူ
မိုးခေါင်ရေရှား အရပ်မှာရွာတဲ့
မနက်ဖြန်အသက်ရှင်ခွင့် မိုးသားများ
မဟုတ်ဘူးလား ဇွန်ပန်းစံပယ်ပန်းတွေနဲ့
ဖွေးဖွေးလှုပ်နေတဲ့ညီမလေး။

ပိုင်မင်းဆွေ

၂၀၀၈ HEART မဂ္ဂဇင်း။

Friday, April 23, 2010

ဒဏ်ရာ

လိုအပ်တဲ့အကွက်ဆီ
လက်မရွှေ့နိုင်တော့ဘူး
ချထားလိုက်ရတဲ့ ဂစ်တာ
ချထားလိုက်ရတဲ့ ချစ်ခြင်းမေတ္တာ။

သွားတော့နော် မမနီနီ
လေယာဉ်ပျံကြီး ထွက်တော့မယ်။

ငါ မပြောဖူးတဲ့ စကားကို
ငါ ပြောတယ်
ငါ စိတ်မခိုင်ဘဲနဲ့
ငါ အော်ကျယ်အော်ကျယ် လုပ်ခဲ့တယ်
ပြီးတော့လည်း ငါပဲ ငိုနေရတယ်
လူရှေ့သူရှေ့ လန်ကျသွားတဲ့ ဖဲလို
တန်ဖိုးမရှိ ငါဟာ ရှက်ရွံ့နာကျင်စွာ။

ပိုင်မင်းဆွေ

၂၀၀၇ သြဂုတ်တွင် ဘလော့မှာ တစ်ခါတင်ခဲ့ပြီးသော ဒဏ်ရာ၉ ကို ပြန်လည်ခံစား အနည်းငယ်ပြင်ဆင် ဖော်ပြပါတယ်။

Sunday, April 18, 2010

အရွေ့

ပုရွက်ဆိတ်အုပ်တန်းလေးနဲ့ပဲ
မြစ်ကို သဘောတူထားတယ်
သူတို့အသွားအလာထဲ ရောယောင် ယိုင်ထိုးကာ
ပိတ်ကားပေါ် ကောက်ကောက်ကွေ့ကွေ့ စီးဆင်း။


ပိုင်မင်းဆွေ

12:17 AM
18 April 2010

ရော်... ခက်ပြီ | သုံးစွဲပြီးရင်သူ့နေရာနဲ့သူပြန်ထားပါ

စာပွဲပေါ်တင်ထားတဲ့ စာအုပ်ကို ဘယ်သူရွှေ့သွားတာလဲ။ သံဗီရိုပေါ်က သရက်သီးသနပ်ဗူးကို ဘယ်သူ ဆွဲသွားတာလဲ။ အခန်းထောင့်က ဂစ်တာ.. သူ့အတွက် သီချင်းသစ်တွေရှိတဲ့ အခန်းကို ရွေ့ပေါ့။ ဒီမှာ.. ဟေ့လူ။ ကျွန်တော်တို့က အများဆိုင်နာမ်ပါတဲ့။သစ်သားမီးခြစ်ပုံးထဲက မီးခြစ်ဆံလေးတွေက ပြောတယ်။ ကျွန်တော်ကတော့ နေ့တွေညတွေကို အိပ်မက်သူပါတဲ့။ လက်ပတ်နာရီက ကဗျာရွတ်သလို ထရွတ်တယ်။ အင်းလေ...။ ကမ္ဘာလုံးပုံကာဗာနဲ့ ဗလာစာအုပ်ကို ဒီညအတွက် ရွေးချယ်လိုက်မယ်။ မျက်လုံးကို သူ့အပေါ်မှာပဲ ထားလို့ မခံမရပ်နိုင်သူ ပြက္ခဒိန်။ မင်း... ဒီနေ့ တစ်ယောက်တည်း အိပ်ကွာ။ ဖောင်တိန်က ဒီကိုလာ။ အဓိပ္ပါယ်တွေရေ... မင်းတို့ ငါ့ကို ဖြတ်တောက်ကြပေါ့။ တစ်နေ့ ခြင်အကောင်ငါးဆယ်မပြည့်သေးလို့... ခြင်တွေတဖွဲဖွဲေ၇ာက်လာတယ်။ မင်းတို့က သင်္ကြန်ဗုံးပေါက်တဲ့အထဲ ပါသွားတဲ့သူတွေလား။ မဟုတ်ခဲ့ရင် ငါ့ကို ခွင့်လွှတ်ပါ။ ဟုတ်ခဲ့ရင်တော့ ငါ့ကို သုံးစွဲကြပါ။ စာအုပ်ကို ဖတ်နေသံအား နားစွင့်ထားတယ်။ ဂစ်တာကို ဆောင့်ဆောင့်တီးသံတော့ကြားရတယ်။ မင်းမှာ အသည်းနှလုံးရှိရင် ဂစ်တာကို ဒီလိုဆောင့်ဆောင့်မတီးဘူး။ သရက်သီးသနပ်ဟာ အခုထိ ပုန်းကွယ်နေတုန်းပဲ။ ကွန်ပျူတာကို ဖွင့်တယ်။ နုတ်ပတ်ကို ဒါဗယ်ကလစ်နှိပ်တော့ ခုနက ကမ္ဘာလုံးပုံစာအုပ်က လက်မောင်းကို ဆွဲတယ်။ ရော်.. ခက်ပြီ။ မကျေနပ်ရင် ငါ့ကို ပြန်သုံးစွဲပါ။ ပထမဆုံးစာမူဟာ စာအုပ်နဲ့ ရေးခဲ့တာ.... ဟုတ်တယ်။ ပြောတာလက်ခံတယ်။ အခုခေတ်ဟာ မြန်မာပြည်ကို အင်တာနက်ရောက်လာခါစကလို မဟုတ်တော့ဘူး။ ရော်..ခက်ပြီ။ ကောင်မလေးကို ချက်တင်ထဲက ဘဲက အပြင်ခေါ်ထုတ်ခဲ့တာ ဟုတ်တယ်လို့။ ရော်... ခက်ပြီ။ မုံရွာ-ရန်ကုန်-စင်ကာပူ အမြန်ယာဉ် ကနေ့ထွက်မယ်တဲ့။ ရော်.. ခက်ပြီ။ ခါးပိုက်နှိုက်သလို နှိုက်နှိုက်ချွတ်ချွတ်သုံးစွဲခံရပြန်ပြီ။ ဒါပေမယ့် စိတ်မဆိုးနဲ့ ဒီဖောင့်က ယူနီကုဒ်မဟုတ်လို့ပါ။ ကိုယ်လည်း ရောယောင်လိုက်တဲ့ထဲပါနေပြီလား။ လူဆိုတာ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာတော့ သိရတယ်။ မသိရင်လား။ ဘာမှမဖြစ်ပါဘူး။ ရော်.. ခက်ပြီ။ အိမ်လည်လွန်တဲ့ဂစ်တာပြန်လာရင် ဒါကို တီးခတ်ရမယ်။ ဒါဟာ သီချင်းဟောင်းဆိုတာ သူမေ့နေလောက်ပြီ။ လူတွေလည်း ဒီလိုပဲ။ မေ့နေတာကို တူးဖော်ရတယ်။ ပြန်ဆိုတေးတွေ ခေတ်ကောင်းခဲ့တာပဲကြည့်။ရော်.. ခက်ပြီ။ မပြောဘဲယူသွားတဲ့စာအုပ်ကို ဖတ်ပြီးရင် သူ့နေရာသူပြန်ထားရင်ပဲ ကျေနပ်ပြီ။ ရော်..ခက်ပြီ။ သရက်သီးသနပ်ကုန်သွားလဲ ဗူးခွံပြန်ယူလာပေးပါ။ ဗူးအလွတ်တစ်လုံးက ပိုပြီးတန်ဖိုး၇ှိတာ ခင်ဗျားဦးနှောက်က လက်ခံလား။ ရော်..ခက်ပြီ။ ဂစ်တာသံ တိုးတိုးလေးကြားနေရတယ်။ အပြင်လမ်းတွေဖက် ပင့်သွားတာလား။ ငါ့ဂစ်တာကို သူ့နေရာနဲ့သူ ပြန်လာထားပါ။ စိတ်ပေါက်ရင်တော့ သိတယ်မို့လား။ နုတ်ပတ်ကို ပြန်ပိတ်လိုက်တယ်။ အစွဲအလန်းဟာ တော်တော်သတ်ရခက်တာပဲ။ ဂစ်တာနောက်ကို လိုက်ရမယ်။ လမ်းဖယ်ပါ.. င့ါကို ဘာနဲ့မှ မျှားလို့မရဘူး။ ရော်.. ခက်ပြီ ဘီယာဆိုပဲ။ အေးအေး... စာအုပ်ယူသွားတာမင်းလား။ သရက်သီးသနပ်က တန်ဖိုးမရှိပါဘူး။ ရေခဲသေတ္တာက ရေခဲသေတ္တာနဲ့တူနေဖို့ပဲလိုတယ်။ သုံးစွဲပြီးရင်ငါ့ကို သူ့နေရာနဲ့သူ ပြန်ထားခဲ့ပါ။ ရော်.. ခက်ပြီ မယုံကြည်ရဘူးဆိုတာ ဒါပဲ။ သစ္စာရှိတယ်ဆိုတာလဲ ဒါပဲ။ အမြုပ်ပလုံစီတွေထဲမှာ ဒီမျက်နှာက ပေါ်လာပြန်ပြီ။ ကဲ... လာထား။ ကန်စွန်းပလိန်းလို ကြွေပန်းကန်နဲ့ကျမှ ကျော့ရှင်း ဈေးမြင့်သွားတဲ့ မိန်းကလေး။ ရော်...ခက်ပြီ။ 

နောင်တော်

11:23 PM
17 April 2010

Thursday, April 15, 2010

သတိရတိုင်း ငါပြန်တဲ့ မြို့

ညနက်ထဲ
ပိတ်ဆို့ လဲလျောင်းနေတတ်တဲ့ မြို့
ကြယ်တွေ ကြယ်တွေ ဆိုတာ
ခိုးခိုးရွေယူရတယ်။

ငါ့စိတ်အား ကင်ဆာမြစ်လို ကုပ်တွယ်လို့
ဝေးဝေးရောက်နေလည်း လက်လျှော့မသွားဘူးကွယ့်
ခိုးထားတဲ့ကြယ်နဲ့ ကြွေကျ ပြန်ခဲ့မယ်။

အမေ စိုက်တဲ့ နနွင်းပင်တွေ
အဖေ့ခေါင်မိုးနဲ့မလွတ်တဲ့ ငါ့အိပ်မက်တွေ
ဘယ်တော့ မိသားစုလေး ပျော်ရွှင်လာမလဲဆိုတဲ့
အရွက်အခက်တွေ
ဖားဖားဝေနေရာ။

တစ်နေ့တော့ သားအကြီးကောင်ထွက်သွားတာ
သူပြန်လာရဲ့လား အမေ
သူရခဲ့တာ နာကျင်မှုတွေပါတဲ့
သူ့အချစ်ရေးကလည်း ပွန်းပဲ့လို့ပါ
သားအကြီးဆုံးဟာ အမှားအကြီးဆုံးလား။

အခု သူပြန်လာတယ်.. ကြိုပါအမေ။

အကြီးကောင်ဟာ တုန်နေတဲ့လက်နဲ့
search box ထဲ မြို့နာမည်ကို ရိုက်ထည့်တယ်။

ဟော... စခရင်ပေါ်မှာ
တောတောင်တွေ ကွင်းပြင်ကျယ်ကျယ်တွေ နေကြာခင်းတွေ
အိမ်ခေါင်မိုးတွေ မြေလမ်းဖုံဖုံတွေ ချောင်းကောက်ကောက်တွေ
တဖြည်းဖြည်း zoom ချဲ့ပြီး သားပြန်လာနေတယ်
ဖြူစင်တဲ့ငယ်ဘ၀တွေ အမေ့ငေါက်သံတွေရှိတဲ့ဆီ
သားပြန်လာနေတယ် သားတကယ်ပြန်လာနေတယ်။

ကျောင်းဆင်းခေါင်းလောင်းထိုးသံတွေ စက်ဘီးတချောက်ချောက်နင်းသံတွေ
တစ်ယောက်လိုသေးလို့မစားဘဲစောင့်နေတဲ့ မိသားစုထမင်းဝိုင်းတွေ
ရိုးသားတဲ့အမေ့အိမ်အမိုးအောက်က ရိုးသားတဲ့စာအော်ကျက်သံတွေ
အိမ်ခြံထဲမြေကြီးတူးဆွနေပုံ တွင်းရေအေးအေးငင်ချိုးနေပုံတွေ
အမေ့မုန်ညင်းဟင်းချိုနဲ့ ကြီးထွားခဲ့တဲ့ သားတို့မောင်နှမတွေ
တိမ်ထူထူမြို့လေးအောက်က မျှော်လင့်ချက်ထူထူတွေ
အိမ်နောက်ဖေးက နောက်ထပ်ပြန်ပေါက်မလာတော့တဲ့
အဖေခုတ်ပစ်ခဲ့တဲ့ အုန်းပင်တွေ။

ကြိုပါအမေ.....
အိမ်လည်လွန်လို့ သား တုတ်ကောက်ပြီးပြန်ခဲ့တယ်။


ပိုင်မင်းဆွေ

3:22 PM.
14 April 2010

Tuesday, April 13, 2010

သင်္ကြန်ပိုး

ရေတွေရွှဲကုန်တာကို ရေတွေရွှဲကုန်တယ်လို့
အဖက်လုပ် တွေးခေါ်မနေတော့ဘူး
သင်္ကြန်ဟာ ဒိုးနဲ့ယိမ်းပြီး
ရောမွှေရုံပဲ။

အပျော်တွေရင်ထဲရောက်လာပြီ... မင်းဘာလုပ်မလဲ။

လူတွေက ငါးတွေလို ဖျပ်ဖျပ်လူးလို့
ကားတွေက ရေမြွေတွေလို တိုးခွေ့တွားသွားလို့
ကောင်မလေးတွေက ရွှေငါးကလေးတွေလို ကူးခပ်လို့
လမ်းတွေကတော့ ချောင်းတွေအဖြစ်
တသွင်သွင်စီးဆင်းလို့။

စီဒီပလေယာကို ကောက်ဖွင့်လိုက်ပြီ
ဘော်လူး ကို အမြင့်ဆုံးတင်လိုက်ပြီ
သင်္ကြန်ဒိုးဟာ ပိုးမွှားတွေလို စိတ်မှာကိုက်ခဲလို့
ဆယ်ကျော်သက်လေးလို အော်တာဂျင်း ဆွဲဝတ်ပြီး
နေကာမျက်မှန်နဲ့ ဖျက်ထားတဲ့ရုပ်နဲ့
အချိတ်အဆက်မိမိ
ကုန်းကွ ထကာ
မဏ္ဍပ်ပေါ်တက်က။

နောင်တော်

11:53 PM
12 April 2010.

Wednesday, April 7, 2010

ငါး







ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ

ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ

ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ

အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ

မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။

မြင့်မိုးအောင်


Saturday, April 3, 2010

နေ့တွေ

နေ့တွေဟာ
တစ်ချိန်က စိမ်းလန်းခဲ့ဖူးတယ်ဆိုတာ မမှတ်မိလောက်အောင်။

နေ့တွေဟာ
စကားပန်းပွင့်လေးကို တံဇဉ်နဲ့ ရိတ်သိမ်းသွားခဲ့တယ်
သော့တုနဲ့ ရိုင်းစိုင်းမှုကို တစ်ရစ်ချင်း ဖွင့်လှစ်ခဲ့တယ်
ဇာတ်ကြမ်းနဲ့ ဇာတ်လမ်းကို မောင်းနှင်ခဲ့တယ်။

နေ့တွေဟာ
ဘုရားကျောင်းကန်ထဲက အနမ်းတွေကို ပြစ်ဒဏ်ခတ်ခဲ့တယ်
ကောင်းမွေ ဆိုးမွေ အကုန်လုံးကို လျော်ကြေးတောင်းတယ်
စိတ်ကို ဘလိတ်ဓားနဲ့ မွှန်းပြီး သတ်ဖြတ်ခဲ့တယ်။

နေ့တွေဟာ
မရ/၂၃၂၄၁ တရုတ်ဆိုင်ကယ်လေးပေါ်ကနေ ခုန်ချ ကျန်ရစ်တယ်
ချင်းတွင်းမြစ်ကမ်းဘေးက ကိုင်းပင်တွေကို အမြစ်ပါမကျန် ခုတ်လှဲခဲ့တယ်
လင်းနေတဲ့ကြယ်လေး ကို သွေးဆောင် အမှောင်ချခဲ့တယ်။

နေ့တွေဟာ
စာသင်ခန်းထဲကနေ မြို့ကြီးပြကြီးကို ပြောင်းရွှေ့ခဲ့တယ်
မြို့ကြီးပြကြီးမှာ သူစိမ်းနဲ့တွဲခုတ်ခဲ့တယ်
ထွဏ်းခမ်သီချင်းကို စာသားပြောင်းပြီး သီဆိုခဲ့တယ်။

နေ့တွေဟာ
အိမ်အ၀င်က စံပယ်ပင်တွေကို အမြစ်မှာ ပိုးလိုစားခဲ့တယ်
ဝါးပက်လက်ကုလားထိုင်လေးပေါ်က အိပ်မက်တွေကို ရယ်မော စော်ကားခဲ့တယ်
အသားထဲထိ ဖောက်ဝင်လာပြီးမှ ပျံသန်း ထွက်ခွာ သွားခဲ့တယ်။

နေ့တွေဟာ
သစ္စာတရားအကြောင်း ဆက်မကြားနိုင်တော့လို့ ကိုထွန်းဆိုင်ထဲက မောင်းထုတ်ခံ၇တယ်
ပြနေတဲ့ဇာတ်ကားမှာ ရိုးသားမှုကို ဓားနဲ့ထောက်ပြီး ကျော်ကြည့်ခိုင်းတယ်
မြန်မာငွေကနေ နိုင်ငံခြားငွေကို လဲလှယ်ခဲ့တယ်။

နေ့တွေဟာ
သေတဲ့အထိ လိမ်လည်လှည့်ဖျားနေခဲ့တယ်
ယုံကြည်မှုကို လောက်တွေလို ဗိုက်ထဲဝင်ပြီး ဖောက်စားခဲ့တယ်
သူစိမ်းတွေနဲ့ပေါင်းပြီး သူများအိုးခွက်ပုဂံတွေကို ရိုက်ခွဲခဲ့တယ်။

နေ့တွေဟာ
လေဆိပ်မှာ နောက်ဆုံး တွေ့ဆုံခဲ့တယ်။

နေ့တွေဟာ
အတူနေမယ့် အိမ်လေး ကို ဖျက်ဆီးခဲ့တယ်။



ပိုင်မင်းဆွေ

3 April 2010
8:09 AM.


Saturday, March 20, 2010

ဘန်ဂလောသူ

သူ့အသားအရေမှာ
အ၀ါရောင် ဆာရီ က နေမင်းကြီးလို တောက်ပေးထားတယ်
ညည်း ဆာရီ ရှည်ရှည်ကြီးနဲ့ ကမ္ဘာလုံးကို အုပ်ထားရင်
ကမ္ဘာကြီးဟာလည်း ၀ါဝါကြီး ဖြစ်နေမယ်။

အခုလိုနွေရာသီမှာ
ဆာရီအောက်က မင်းခန္ဓာကိုယ်ဟာ အေးမြနေမှာလား
အချစ်ပျက်စီးနေတဲ့ငါဟာ မင်းအကြည့်ဒဏ်တွေကိုတော့
တခြားကမ္ဘာက ဂြိုလ်သားကို လူတွေဝိုင်းအုံကြည့်သလို
ရှက်ရွံအားငယ်နေမိတာ
ဒီနေရာဟာ မင်းနေရာ။

မင်းတို့ ဒီမိုကရေစီ နိုင်ငံဟာ ဘာတွေကို ခွင့်ပြုသလဲ
ငါဟာ နိုင်ငံရေးနားမလည်သူ အညတြ တစ်ယောက်သာ
မင်း သင်ထားတဲ့ ပညာတွေနဲ့ လူတွေကို အသည်းမကွဲအောင် လုပ်ပေးပါ
ကမ္ဘာကြီးကို စိတ်ချမ်းသာအောင် ပြုစားပါ။

မင်းပြောတဲ့အင်္ဂလိပ်စကားမှာ
လျာတွေ လိပ်လိပ်သွားတာ အံ့သြစရာ
ငါရေးထားတဲ့ ပရိုဂရမ်လေးတွေကို ကလေးတွေ ဂျင်ပေါက်သလို
ကိုင် ကိုင် ပေါက်နိုင်တာကလည်း အံ့သြစရာ
မိုဘိုင်းဖုန်း ၃ ၄ လုံးနဲ့ မရပ်မနား စကားပြောနိုင်တာ အံ့သြစရာ
အံ့သြငေးမောရုံကလွဲပြီး ငါ့မှာ ပြောစရာဘာမှမရှိပါ

စကားပန်းတွေမြင်တိုင်း တစ်စုံတစ်ယောက်ကို ငါ လွမ်းတတ်တာ မင်းကို ပြောလို့မဖြစ်ပါ
သရက်ဖူးတွေ မြင်တော့ ငါ တွေဝေငေးမောနေတတ်တာ မင်းကိုပြောလို့ မဖြစ်ပါ
ငါ့အခန်းတံခါးတွေက လိုက်ကာအပြည့် ချထားတတ်တာ
ငါ့နှလုံးသားက ဘယ်လောက်ခေါက်ခေါက် မပွင့်တော့တာ။

ဒိုးဒိုးဒေါက်ဒေါက် ဘန်ဂလောသူ
မင်း ဒေါက်ဖိနပ်ကို အရောင်တောက်တာတွေမှ ရွေးစီးဖို့ မင်းအမေက သင်ကြားခဲ့သလား
ငါ့ရွှေမျက်စိထဲတော့ ဒါကို ဖက်ရှင်လို့ မမြင်တတ်တာ ခွင့်လွှတ်ပါ
မင်းပြောတဲ့ ပုံပြင်မှာ ရွှေသမင်လေးဟာ
မိဂါဒါဝုန် တောအုပ်မှာ မြက်စားနေတယ်ဆိုတာ
နောက်တစ်ခါ သရက်တွေ မဖူးခင်ထိတော့ ငါ မြင်နေရအုံးမှာ။

ပိုင်မင်းဆွေ



................................................................................

Friday, March 19, 2010

မုံရွာ

ချင်းတွင်းမြစ်ထဲ
ပဲမျိုးစုံ လှိမ့်လှိမ့် စီးဆင်းလာရာ ကမ်းစပ်ဆီ
သင်္ဘောဟာ ကျောက်ချလိုက်တယ်။

မိုးညှင်းသဗ္မုဒ္ဓေကို သွားမယ့် လိုင်းကားပေါ်
ခရမ်းချဉ်သီးပင်တွေက သီးပွင့်ပြခဲ့တဲ့ မြန်မာငွေတွေ
အိနြေ္ဒရရတက်ထိုင်နေတယ်
ဝါဂွမ်းတွေ ထန်းလျက်တွေ
ခင်ဗျားတို့ ခန္ဓာကိုယ်ပေါ် ဧည့်ခန်းဆောင်ပေါ် သို့အသွား
လိုင်းကားစီးရတယ် မြစ်ကို ဆန်ရ ဆုန်ရတယ်။

မြစ်ဟာပြောင်းပြန်စီးဆင်းတတ်သတဲ့
အောက်အကြေဆီက ပက်ကင် လှလှလေးတွေ စပိဘုတ်နဲ့ ဆန်တက်လာတယ်
အဝေးပြေးကားတွေက တံတားသစ်မှာ ဂျက်လေယာဉ်တွေလိုမောင်းလာနေလေရဲ့။

ဘုရားဖူးကားတွေ မြို့ကို ကွင်းမောင်းသွားကြပြီ မုံရွာ
ဗောဓိတစ်ထောင်၊ ကျောက္ကာရွှေဂူနီ
ရွှေတောင်ဦး၊ အလောင်းတော်ကဿဖ၊ ဖိုးဝင်းတောင်
အပြန်မှာ လယ်တီကျောက်စာတိုက်ဝင်မယ်တဲ့
လက်ပြသွားကြ လက်ပြသွားကြ။

ပါးပေါ် သနပ်ခါးကျဲကျဲလိမ်းထားတဲ့ မုံရွာ
အဝေးပြေးကားပေါ်တက်လာတဲ့ အညာသားကို လျှပ်တပြက်အင်တာဗျူးတယ်
ရန်ကုန်ဆင်းမယ်ဆိုပဲ....
ထိုမှ တဆင့် စင်ကာပူ သွားမယ်တဲ့ ....

(ဆက်ရန်)

ပိုင်မင်းဆွေ

Monday, March 1, 2010

ဂစ်တာအိုးထဲဝင်ပုန်းတဲ့ ယမ်ယမ်ခေါက်ဆွဲခြောက်


ယမ်ယမ်ခေါက်ဆွဲခြောက်ဟာ ဒီအရပ်ဒေသမှာ ရွှေဖြစ်တယ်။
ယမ်ယမ်ခေါက်ဆွဲခြောက်ဟာ လေယာဉ်ပျံကြီးစီးပြီး ရောက်လာခဲ့တာ။

နေသာသောနေ့တစ်နေ့
ခေါက်ဆွဲခြောက်ဟာ သူ့ကို ချိုးဖဲ့လိုက်လို့ မကျေနပ်ဟန်
ခုန်ပေါက်ကာ ရင်ဘတ်ထဲက ဂစ်တာဆီ ပြေးပုန်းတယ်။

ခေါက်ဆွဲခြောက်ကို မချိုးဖဲ့ဘဲ
ဒီတိုင်းစားလို့ အဆင်မပြေပါ၊ ဒါကို သူနားမလည်ဟန်
ဂစ်တာအိုးပေါက်ထဲ ၀င်ပုန်းတယ်။

ကျွန်တော်ဟာ ကလေး တစ်ယောက်လို
ဂစ်တာအိုးထဲက ခေါက်ဆွဲခြောက်ကို ရှာနေတယ်
ခေါက်ဆွဲခြောက်ဟာ စိတ်ဆိုးတတ်သလား
စိတ်ကောက်နေတဲ့ ခေါက်ဆွဲခြောက်ဟာ စားချင်စရာ
ဂစ်တာအိုးကို လှုပ်ကြည့်တဲ့အခါ သူရယ်သံကို ကြားရလည်း သူဟာ မမြင်သာတဲ့အရပ်မှာ
ကျွန်တော့်ကို ပုန်းကွယ်နေသူ ယမ်ယမ်ခေါက်ဆွဲခြောက်ဟာ ဟာသဓာတ်ခံ ၇ှိသူလား။

ခေါက်ဆွဲခြောက်ကို တစ်ချိန်မှာ ကျွန်တော်တွေ့လိမ့်မယ်
သူဟာ ဂစ်တာအိုးထဲက ထွက်မပြေးနိုင်သူပါ
ကျွန်တော် ဆက်မရှာတော့ဘူး
တီးလက်စသီချင်းကို ဆက်တီးနေလိုက်တယ်
ဂစ်တာကြိုးတွေ တုန်ခါသံကြောင့် ခေါက်ဆွဲခြောက်ဟာ နေရထိုင်ရ ခက်နေတော့မယ်
ဘာပဲဖြစ်ဖြစ် ကျွန်တော့ဂစ်တာထဲမှာ သူဟာ လုံလုံခြုံခြုံရှိနေလေရဲ့။


ပိုင်မင်းဆွေ

1.3.2010
05:07 pm




Monday, February 1, 2010

လေဆိပ်မှာ (၁)


ကျွန်တော့်အလွမ်းတွေက
သင့်ဆီကို အလည်မလာဘူးလား။

ကျွန်တော့်မှာ သည်းနေအောင်
ရွာနေတယ်
တစ်တောလုံး တစ်မြို့လုံးလည်း
ကောင်းကောင်းကြီး ကြွေနေတယ်။

မိုးလေ ကင်းလွတ်သော နေရာဟာ
သင့်ရင်ခွင် ကျဉ်းကျဉ်းလေးပဲလို့
လေနီမလေး ယုံကြည်ပါ

မနက်ဖြန်က သင့်နာမည်လေး သုံးလုံးဖြစ်ပြီး
ထမင်းမစားခင် သင့်လက်ကို
ကျွန်တော့်မျက်ရည်တွေနဲ့ ဆေးကြောပါ
ကျွန်တော့်မျက်ရည်တွေက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး
သင့်လက်ချောင်းလေးတွေကို ပိုလို့နူးညံ့လာစေမယ်။

ကျွန်တော် စိတ်ကူးမထားတဲ့ အရပ်မှာ
သင့်ရယ်သံဟာ လွတ်လပ်ပွင့်လင်းနေပါစ
ကလေးမလေး နှစ်နှစ်ခြိုက်ခြိုက် ရယ်ပါ ပြုံးပါ
ကျွန်တော်ဟာ အေးလို့ တုန်လို့ နှင်းတွေထဲမှာ ကျန်ခဲ့တာ
လေဆိပ်ဟာ ကြေကွဲရောင် ဖိတ်ဖိတ်တောက်လို့
ခေါင်းကလေးငုံ့ပြီး ပြန်လာခဲ့တာ။

ပိုင်မင်းဆွေ

ဖေဖော်ဝါရီ ၁ ၊ ၂၀၁၀
မနက် ၇ နာရီ ၃၈။

Thursday, January 28, 2010

နေ့တိုင်းလွမ်းရှင့်

မြစ်အဆင်းနဲ့ အိမ်အပြန်မှာ သာယာလှဘိတောင်း။
သဲ၊သောင်နဲ့ တရွေ့ရွေ့ရေများ။ ကြည့်၊ ဟောဒီမှာ
ညိုညိုမောင်းမောင်းမြစ်မင်း။ ၀စီပိတ်တောလယ်မှာ
ချုံအတိနဲ့ကြား စီးဆင်းလို့။ ဓူဝံဟာငါ့ကို ရှက်ပါ့ ထင်မိ။
နေဘယ်မှာနေ၊ ငါဘယ်မှာငါ ၊ မခိုင်တဲ့အရပ်လေးမျက်နှာ။
စီးတွေတွေတည့်၊ အိုဘယ့်ဘယ်ရှင် ၊ အိုဘယ့်ဘယ် ရွှေပြည်နန်း။
လျှပ်ရောင်တန်းမျှ၊ အဲဒါမဲဇာလား၊ အဲဒါ မဲဇာတောင်ခြေလား။
သဲသာအောင်မြေ၊ တစ်ယောက်စီရဲ့ မဲဇာတောင်ခြေ။ ။

ဇေယျာလင်း
၃၀ အောက်တိုဘာ ၀၅
မှတ်ချက်။ ။ လက်ဝဲသုန္ဒရသို့ ဦးညွတ်နားလည်စွာဖြင့်။
ကဗျာရေးသူကို ထုတ်လုပ်ခြင်း ကဗျာစာအုပ်။
၂၀၀၇ ဇူလိုင်။

...........................................................