လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Thursday, November 29, 2007

မင်း.. စိတ်ချ လက်ချ မုန်းလိုက်တော့

ငါ ဒဏ်ရာတွေနဲ့ လဲနေတော့
မင်းလည်း ရယ်မနေနိုင်ဘူးဆိုတာ ငါသိပါတယ်။

ဒါပေမယ့် ( အဲဒီ ဒါပေမယ့်ဟာ ဆက်မတွေးရဲစရာ )
မင်း တွင်တွင်ကြီး ပြောင်းလဲသွားခဲ့တယ်။

ငါ့ဘ၀က အနိမ့်အမြင့် အတက်အကျ ရှိကောင်းရှိမယ်
မအောင်မြင်တဲ့ အချစ်ဇာတ်လမ်းတွေ အများကြီး ဖြတ်သန်းရင် ဖြတ်သန်းခဲ့ဖူးမယ်
လူတစ်ယောက်ကို မင်း ဘယ်လို စံတွေနဲ့ ကြည့်မလဲ
ငါဟာ စိတ်ကူးကောင်းသူ ဆိုတဲ့ စကား အစား ၊ စိတ်ကူးယဉ်တတ်သူလို့
ခုတော့ မင်း ထည်လဲ သုံးစွဲ
ရတယ် သုံးစွဲ။

စာအုပ်လေးတွေ ဘေးချပြီး မြက်ခင်းပေါ်ထိုင်တုန်းက
ဆန့်ခင်းထားတဲ့ မင်း အချစ်စိတ်နဲ့ ရင်ခုန်သံကို ငါက လျစ်လျူရှုပြီး
ဘ၀ဒဿနတွေ ဖွင့်နေခဲ့မိတယ်
ငါ့ရဲ့ ဒဿနက ဘာလဲ ( ရတယ် မင်းမဖြေနဲ့ )

အချစ်ဟာ မသမာမှုတစ်ခုမဟုတ်ဘူး
လူရှေ့ ဆိုင်ကယ်ဘိန်းထောင် စတန့်ထွင်ခြင်းမဟုတ်ဘူး အချစ်ဆိုတာ
ကျမ်းဆန်ဆန် ချိန်သားကိုက် လှုပ်ရှားမှုတစ်ခုလည်း မဟုတ်ဘူး
ဒါဟာ နေသာတဲ့နေ့မှာ တေးသီခြင်းဖြစ်တယ်
သိမ့်မွေ့မှုနဲ့ ကိုယ်ချင်းစာတရားကို နေရောင်ထဲမှာ ထောင်ကြည့်ခြင်းဖြစ်တယ်
ဒုက္ခတွေကို အတူတူ လက်တွဲဖြေရှင်းရင်း ကဗျာတစ်ပုဒ် ကောက်ရွတ်ခြင်းဖြစ်တယ်
မင်းကို ဒေါကန်တဲ့အခါ ငါ ပြောတတ်တဲ့
ကမ္ဘာ့အကောင်းဆုံး ပျက်လုံးကြီးတစ်ခုလည်း
ဖြစ်သေးတယ်။

အခု ငါ့ ဂျီတော့လစ်(စ်)ထဲက မင်းနာမည်
မင်း ဂျီတော့လစ်(စ်)ထဲက ငါ့နာမည်
မင်း ဖယ်ရှားပစ်လား ငါ ဖယ်ရှားပစ်လား
မဖယ်ဘူး
ဒါဆို ဒီအတိုင်း ထိုင်ကြည့်နေရမှာလား
ရတယ် ကြည့်နေ
ငါတို့ သေတဲ့ထိ ကြည့်နေ
ဘယ်တော့မှ နှုတ်မဆက်နဲ့
ဟဲလို မပြောနဲ့
မင်း ခါးသီးမှုဟာ ငါ့ ခန္ဓာကိုယ်အနှံ့
အဆိပ်လူး ဓားမြှောင်တွေလို မပြတ်တမ်း စိုက်ဝင်တယ်
သူငယ်ချင်းတွေက တဆင့်ရောက်လာတဲ့ ငါ့အပေါ်
မင်းရဲ့ ရင့်ရင့်သီးသီး စွပ်စွဲချက်တွေ ထိုးနှက်မှုတွေ
ငါ အခု ကောင်းကောင်းကြီး ခံယူနေတယ်
ငါရှောင်ပုန်းနေမယ်လို့ မင်းထင်လား
ရတယ် မင်းထင်ပါ
မင်းဆီက တခြားအရာတွေ မမျှော်လင့်ပေမယ့်
( ဥပမာ အရင်လို ချစ်ပါတယ်ဆိုတဲ့ စကား နဲ့ မင်းရဲ့ အသုံးဝင်မှုတွေ)
မင်းမုန်းမှာကိုတော့ ဘယ်တော့မှ မလိုချင်သူ
ရတယ်
ငါ့ကို မင်းမုန်းလိုက်တော့။


အေး ...
ဘ၀ဆိုတာကို တစ်ခုခု မင်း အဓိပ္ပါယ်ဖွင့်လိုက်ပါ
ပြီးရင် ငါ့ပါးကို အကြိမ်နှစ်သန်းလောက် ရိုက်ပြီး
မင်းထွက်သွားပါ
မင်းသွေးအေးသွားပြီလို့ ထင်ရတဲ့ တစ်နေ့နေ့မှာ မင်းကို ငါ ဖုန်းခေါ်မယ်
အတူတူ တစ်ခါလောက် ထမင်းအတူစားမယ်
အရင်လို လမ်း တစ်ခါလောက် အတူလျှောက်ပြီး
ငါတို့ဟာသဇာတ်လမ်းကို တစ်ခါလောက် အတူတူ ရယ်မယ်
ပြီးရင် ဘယ်တော့မှ မတွေ့ကြတော့ဘူး။

( မင်းနာကျင်နေမှာ ကိုတော့ စကားကြီးစကားကျယ်တွေ ပြောတတ်တဲ့ ငါဆိုတဲ့ကောင်က
စိုးရိမ်ပါတယ်တဲ့ )
အဲဒီတော့ ငါ့ကို စာနာသောအားဖြင့် မင်း နာကျင်မနေပါနဲ့။

ငါဟာ ယောင်္ကျားကွ ငါဒေါကန်တဲ့အခါ
ဖန်ခွက်တွေပေါက်ခွဲ ( ဒီလိုပေါက်ကွဲမှုမျိုးနဲ့ )
မင်းကောင်ဆီက အပေါ်ယံ စကားချိုချိုလေးနဲ့တော့
ငါ့ကို လာမနှိုင်းနဲ့
မင်းကောင်တွေက မင်းဆီက ဘာကိုမျှော်လင့်တာလဲလို့ မင်းထင်နေလဲ
မင်းတွေးကြည့် ၊ မင်းစိတ်အေးအေးထားပြီးတွေးကြည့်။

မင်းဘ၀ အောင်မြင်လာတာ ကြည့်ရင်း ငါ ၀မ်းသာတယ်
မင်းဟာ အရင်ကထက် အထက်တန်းဆန်လာပြီး ပိုကြည့်ကောင်းလာတယ်
ငါ့အကြည့်မှာ လိင်စိတ် နဲ့ မျှော်လင့်ချက်ထည့်ပြီးမကြည့်ဘူး ( ရှင်းလား )
ငါ့ မုဒိတာ တရားဟာ မင်း ကိုယ်ပေါ်မှာ ဝေလို့ ဖြာလို့
သီးပွင့်လို့

မင်း အင်္ဂလိပ်စာ ပိုမို ရှင်းလင်း ပြတ်သားလာမှုနဲ့ အတန်းပညာ ဆုံးခန်းတိုင်မှုမှာ
ငါကတော့ ငွေကြေးနဲ့ ပေါင်းသင်းဆက်ဆံရေးဖက်ကို လှည့်နေခဲ့ရ
မင်း မနက်ဖြန် ရွှေရောင်သန်းနေချိန်မှာ ငါ့လူ့အဖြစ်ဟာေ၀၀ါးနေဆဲ
ငါ့ဘ၀က ကြမ်းပါတယ်ကွာ။

နှစ်တွေလည်း ကြာခဲ့ပါပြီ
ခုမှ ငါက သွေးရူးသွေးတန်း ထအော်တာ ( အဲလို ဟုတ်လား )
မိုးလေကင်းလွတ်တဲ့နေ့မှာ အချစ်သီချင်း အသစ်တစ်ပုဒ်တော့
မင်း ဆိုဖြစ်အောင် ဆိုလိုက်ပါ
ဘ၀ဟာ ဘယ်သူမှားတယ် မှန်တယ် ငြင်းခုံနေရုံနဲ့
ကုန်ဆုံးမသွားသင့်ဘူး
မင်းရဲ့ ငယ်ရွယ်နုပျိုမှုတွေနဲ့ မင်း ထက်မြက်မှုမှာ
မင်း ဆုံးဖြတ်ချက် မှန်ကန်ဖို့
မင်း မကြိုးစားရင် မင်း မှားမှာပဲ
အဲဒီတော့
မင်းငါ့ကို လွတ်လွတ်ကျွတ်ကျွတ်ကြီး မုန်းလိုက်တော့။


ပိုင်မင်းဆွေ

၂၉.၁၁.၂၀၀၇
မနက် ၇ နာရီ မိနစ် ၅၀။


..........................................................................................

Thursday, November 22, 2007

ကြယ် ၂


နိမ့်ရာအရပ်သို့
မျက်ရည်တွေ စီးဆင်းလာတဲ့နေ့ဟာ
စမ်းချောင်းလေးရဲ့ ရေအရင်းအမြစ်များ ဖွင့်ပွဲ
( ပူပေါင်းတွေ လေပေါ်ပျံတက် မသွားခဲ့ပါဘူး )

လူ့ဘ၀ကို မသမာမှုတစ်ခုလို့
တစ်ယောက်တည်း ခပ်တိုးတိုး ညည်းဆိုပေါက်ကွဲမှု
လမ်းထိပ် အရက်ဆိုင်လေးထဲမှာ ဖြစ်ပွားခဲ့တယ်။

သူ
အရောင်မွဲမွဲ ပန်းချီကားတစ်ချပ်
မကြိုက်ရင် ပယ်ထားနိုင်တယ်
အမှိုက်ပုံးထဲရောက်သွားသော စာမူများ
( အဲဒီ စာမူလို ဘ၀ တစ်ခု )

သူ စဉ်းစားနေပုံရတယ်
သူ အဖြေထွက်သွားရဲ့လား
သူ သုတ်သုတ် သုတ်သုတ် နဲ့ ထွက်ခွာသွားပြန်တယ်
သူ ပြန်ရောက်မလာတော့ဘူး။

ဒဏ်ရာကို ဒဏ်ရာအတိုင်း
ဒီအတိုင်းထားကာ သူငယ်ချင်းတွေကို
အပြုံးမပျက်ဧည့်ခံ
သွေးတွေကို လူတွေမလာခင်
ရေအ၀တ်နဲ့ ရှင်းလင်းထားတယ်။

အားလုံးအတွက်နေ့ အားလုံးအတွက်ည
ဘီယာပုလင်းတွေ ဖောက်ပြီး ၊ အမြုပ်တွေ ပန်းထွက်လို့
တစ်ချို့က သူတို့ရဲ့ အကောင်းဆုံးတွေနဲ့ ယှဉ်တွဲ ရပ်ကာ
ဓာတ်ပုံအရိုက်ခံကြတယ်
သူ
ဘာတစ်ခွန်းမှ ၀င်မစွက်ဖက်ဘဲ
အေးအေးလေး ငေးနေခဲ့တယ်။



ပိုင်မင်းဆွေ


မနက် ၉ နာရီ ၂၈ မိနစ်
၂၀ နိုဝင်ဘာ ၂၀၀၇။





Thursday, November 8, 2007

ခရေ


ခရေတို့နေတဲ့ အိမ်လေးက
ယိုင်နဲ့နေပြီ
ခရေ ၊ အကြီးမ
ဗန်းကလေးကိုင်ပြီး ထွက်လာခဲ့တယ်။

ခရေ ရဲ့ ဗန်းထဲမှာ
ဘာတွေပါသလဲ
မနက်ဖြန်တွေ ပါတယ် တဲ့
ဟဲ့ .. ပလုပ်တုတ် ဒီကောင်မလေး
လူကို ၀င်တိုက်ရလား
ခရေအတွေးလွန်နေစဉ် အမြန် လှမ်းဖမ်းတယ်
တံတောင်ဆစ်မှာ သွေးစို့သွားပေမယ့်
ဗန်းက မှောက်မကျဘူး
မပြောဘူးလား မနက်ဖြန်တွေ ပါတယ်ဆိုတာ
မှောက်လို့မဖြစ်ဘူး ယုံပြီလား ။

ခရေက ဥာဏ်ကောင်းတော့ ဗန်းထဲမှာ
အခြားအရာတွေ တင်ရောင်းတတ်လာတယ်
ခရေ ကုန်စုံ ဆိုင်လေး ပိုင်လာခဲ့တယ်။

ခရေ မောင်လေးကို ကျောင်းထားတယ်
အပျိုပေါက်အငယ်မကို အ၀တ်ဆင်တယ်
အမေ့ရောဂါကို ဆေးခန်းပြနိုင်လို့ ပျော်
သူ့အိမ်လေးကို ပြင်နိုင်သွားပြီ
အိမ်မှာ ဆိုင်းဘုတ်တင်လိုက်တယ်
မခရေ အပ်ချုပ်ဆိုင် တဲ့။

ခရေတစ်ယောက် အပ်ချုပ်ဆိုင် ဖွင့်ပြီး
အထည်ချုပ်နေတာလဲ တစ်ခါမှ မမြင်ဖူးဘူး
ခရေ့ကုန်စုံဆိုင်လေးက
တစ်ရက် ဘယ်လောက် ရောင်းရမှာတဲ့လဲ
ဘာလဲ ခရေ့ အိမ်လေးရဲ့ ၀င်ငွေနဲ့ ထွက်ငွေကို
တွက်ပြရမှာလား
မတွက်ပြဘူး မတွက်ပြဘူး
မိခရေ ကို သနားလို့
ဘေးအိမ်က မတင်ရီ ပြောရင်း မျက်ရည်စို့လာတယ်။

တနေ့ ကျွန်တော် မနက်စောစော အပြေးလေ့ကျင့်တော့
အမှောင်မကွဲသေး ၊ လမ်းထဲ ကားလေး ချိုးကွေ့လာ
ခရေ့အိမ်လေးမရောက်ခင် အကွယ်၊ ထိုးရပ်လိုက်တယ်
ခြေထောက်လှလှလေး တစ်ဖက် ကျလာ
ဘေးဘီ ဟိုဒီ ကြည့်ကာ အိမ်ထဲကိုပြေးဝင်သွား
အဲဒါ ကျွန်တော် သိပ်မြတ်နိုးရတဲ့
ခရေ။


ပိုင်မင်းဆွေ

၆ နိုဝင်ဘာ ၂၀၀၇
ည ၁၁ နာရီ ၂၁ မိနစ်။



Wednesday, November 7, 2007

ဆောင်း၂

အသံကုန်အောင်
နှင်းထဲ ထိုးအော်ကြည့်
မပေါက်ဘူး။

စေ့နေအောင် ပိန်းပိတ်နေပုံ
ငှက်ကလေးတွေ တေးမဆိုအောင်
ချုပ်လုပ်ထားလား ဆောင်း။

သူ့ကိုတိုက်ခိုက်ဖို့
ဆွယ်တာလေးတွေ ထပ်ဝတ်ထားကြတယ်
အဲဒါကိုပဲ ဆောင်းက သဘောအကျကြီးကျကာ
တဟားဟား အော်ရယ်ပြန်တယ်
အဲဒီ ရယ်သံဟာ ပုဇဉ်းရင်ကွဲ အသံတွေအဖြစ်
မှောင်ထဲမှာ သောင်းကျန်းနေပြန်တယ်။

အရိုးတွေကို ဆောင်းက
အပျက်မလို့သဘောထားကာ ခပ်ကြမ်းကြမ်း ပွေ့ဖက်
တုန်လို့ ခိုက်လို့
စောင်ထဲက လက်ကလေး မထုတ်လိုက်နဲ့
ထန်ကနဲ အသံပေးကာ ကျကွဲသွားမယ်။

အေးခဲမှုမှာ မှင်တက်နေသူ
ပဲခင်းစောင့် တောင်ယာတဲလေး
မြို့ကြီးပြကြီးရဲ့ ကိုးလက်မအထူ အာစီတိုက်ကြီးက
လူတွေကို ကာကွယ်ထားသလို
သူလည်း ကာကွယ်ထားတာပါပဲ

ဆောင်းကိုချောင်းရိုက်ဖို့
တတ်နိုင်ပါ့မလား အတွေးမဆုံးခင်
အဲဒီ စက်စက်မြည်အောင် အအေးထဲကြီး
လူတစ်ချို့ ထထွက်လာတယ်
ကိုယ့်အပူနဲ့ကိုယ်မို့ မမြင်တော့တဲ့ပုံစံ
နှင်းထဲတိုးကာ လောင်မြိုက်ကြတယ်
ဆောင်းကလည်း မရတော့ဘူး
ကြောက်မယ်ဖွယ် အေးခဲ ပြ
သူ့ရဲ့အစွယ်ကို ထုတ်ပြ
ဘယ်လိုမှ မမီတော့ဘူး
စိတ်လျော့သွားတဲ့ ဆောင်း
အတတ်နိုင်ဆုံး ကျွန်တော် တာဝန်ကျေခဲ့ပါတယ်တဲ့
ဆောင်းက။


ပိုင်မင်းဆွေ

၆ နိုဝင်ဘာ ၂၀၀၇


Tuesday, November 6, 2007

ငါးကလေးရေ မင်းဟာ ....
ပျံသန်းတတ်တယ် ဆိုတာ ဟုတ်ပါသလား


ငါးကလေး တစ်ကောင်ရှိတယ်။
ကျွန်တော့မှာ ငါးကလေး တစ်ကောင်ရှိတယ်။

ငါးကလေးက
ကျွန်တော့်ဘ၀ကို ပင်လယ်တစ်ခုတဲ့
ရေကူးကျွမ်းကျင်တဲ့ ငါးကလေး။

ကျွန်တော့ ဆံပင်ရှည်တွေကို
ရေမှော်ပင် လှလှလေးတွေလို့ ထင်နေတတ်ပြီး
ကျွန်တော့် စိတ်ကူးများကြားထဲ
ကူးခတ်တတ်သော ငါးကလေး။

ငါး ဆိုတာ သွေးအေးသတ္တ၀ါ
ငါးနဲ့ အပေါင်းအသင်း မလုပ်ဖို့
ငါးနဲ့ ကော်ဖီအတူ မသောက်ဖို့
ဝိုင်းပြောကြတယ်။

ခင်ဗျားတို့မသိပါဘူး
သူက ငါးဖြစ်နေတာက လွဲပြီး
သူဟာ လွတ်လွတ်လပ်လပ် ကူးခပ်တတ်တာက လွဲပြီး
သူက ချစ်ခြင်းမေတ္တာအကြောင်း နားလည်သူ
လူနဲ့ နီးစပ်သူ ငါးကလေး
ယဉ်ကျေးစွာကျွန်တော် ပြန်ပြောလေ့ရှိခဲ့တယ်။

ဒီလိုနဲ့ တဖြည်းဖြည်း ကျွန်တော်သိလာခဲ့
ငါးကလေး ကူးစက်တဲ့ ပင်လယ်
ပင်လယ်ဟာ ကျွန်တော်
ကျွန်တော်ဟာ ကုရာနတ္တိ ဆေးမရှိခဲ့။

ငါးကလေးတွေဟာ
မြန်မာငွေ ၊ ကျော်ကြားမှုနဲ့ ယနေ့ထုတ် ဖက်ရှင်များအား
သာယာသူ ရှင်သန်ခြင်းသက်သက်လား
ငါးကလေး.. မင်းမှာ
တခြားအဓိပါယ်မရှိတော့ဘူးလား
" ငါးကလေးရေ မင်းဟာ
ပျံသန်းတတ်တယ် ဆိုတာရော ဟုတ်ပါသလား "

တနေ့မှာ တခြား ပင်လယ် တစ်ခုခုဆီသို့
တခြားပိုကောင်းသော စိတ်ကူးများ ကြားသို့
ပျံသန်းသွားသော ငါး
သူ့ရဲ့ ဆံပင်တိုတိုတွေကို လှုပ်ရမ်းလို့
နေရောင်ထဲမှာ လှပ
သူ့ကို ငေးကြည့်နေရင်း ကြေကွဲနေတဲ့
တိတ်တခိုးလေး မျက်ရည်များစွာ
လူမသိ သူမသိ သွေ့ခြောက်နွမ်းဖတ်သွားသော
ဘုရားမှာ ကျွန်တော် တင်ထားတဲ့ ပန်းများစွာ။


ပိုင်မင်းဆွေ

 
၂၀၀၆


..................................................................................