လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Friday, October 26, 2007

မေမေဟာ ကျွန်တော့်ရဲ့ မွေးနေ့

တကယ်ဆို ကျွန်တော်ဟာမွေးနေ့ဆိုတာကို အရင်က ရင်ထဲမရောက်ခဲ့ပါဘူး။ ဘလော့လေး ရေးလာပြီးနောက်ပိုင်း ဘလော့ကာ တချို့က သူတို့မွေးနေ့ကို ဖော်ထုတ် နှုတ်ဆက်ကြသည်ကို တွေ့ရှိလာရသည်မှစ၍ ဒီနှစ် ကျွန်တော့်မွေးနေ့ကို မရောက်ခင် အဝေးကြီးလိုကတည်းက ရေတွက်နေမိပါတယ်။


အရင် ကျွန်တော် ကျောင်းတက်တုန်းက မေမေ ဖုန်းဆက်၍ ပြောပြမှသာ ကျွန်တော်က မွေးနေ့ကို သတိထား မိတတ်သည်။


ဟုတ်ပြီ ။ မွေးနေ့ ။ ကြိုလည်း သိထားပြီ ။ ပြင်ဆင်ချိန်လည်း ရပြီ ။ ဘာလုပ်မှာလဲ ။ “ ဘာလုပ်ဖို့မှ စိတ်မကူးတတ်ပါ ” ။ တစ်ခါမှ ထူးထူးခြားခြား သိရှိကာ လုပ်မှ မလုပ်ဖူး ဘဲနဲ့ ။


သူများတွေ မေးကြည့်တော့ သူငယ်ချင်းတွေကို ဘီယာတိုက်သည်တဲ့။ မွေးနေ့ပွဲ ကျင်းပနိုင်လျှင် လက်ဆောင်ပစ္စည်းတွေ ရကြသည်တဲ့ ။ တချို့ကတော့ ဘုရားကျောင်းကန် သွားသည်တဲ့ ။ ငှက်ကလေးတွေ ငါးကလေးတွေ လွှတ်ကြသည်တဲ့ ။ နွမ်းပါးတဲ့ လူတွေကို ပေးကမ်းကြသည်တဲ့ ။


ကျွန်တော် ဘာလုပ်ရင်ကောင်းမလဲ ။ ဘော်ဒါတွေကို ဘီယာ တိုက်ရင်တော့ ပျော်ရမည်မှာ သေချာသည်။ ငှက်ကလေးတွေ လွှတ်ကာ ဆုတောင်းရင် ကံကောင်းပါက အချုပ်အနှောင်တွေ ကြုံလာလျှင် ကိုယ်လည်းလွတ်ချင်လွတ်နိုင်သည် ။ ( မျှော်လင့်ချက် တခွဲသားနဲ့ ကုသိုလ်ရေးတွေကို တကယ်တော့ ကျွန်တော် သိပ်မယုံကြည်ပါ ) ။ ပျံသန်းသွားသော ငှက်ကလေးတွေကို ကြည့်ကာ ကိုယ်လည်း အဲဒီခဏတာမှာ လွတ်လပ်မှုကို ခံစားနိုင်သည်။ ( အဲဒါကိုတော့ ကျွန်တော် အပြည့်အ၀ လက်ခံသည် ) ။ဟိုတွေးဒီတွေးနဲ့ ကျွန်တော် လျှောက်တွေးနေမိသည်။

ဒီလိုနဲ့ မွေးနေ့ ဆိုသော စကားလုံးကို စဉ်းစားမိသည်။ မွေးနေ့ဆိုတော့ ကျွန်တော့်ကို မွေးတဲ့နေ့ ပေါ့နော် ။( အဲဒါတော့ မင်းပြောမှ လားကွ ) ။ ကျွန်တော့်ကို မွေးတဲ့နေ့ဆိုတော့ …. မွေးတဲ့နေ့ဆိုတော့ ...... ။အင်း… အဲဒီနေ့မတိုင်ခင်က ကျွန်တော်ဆိုတာ မရှိသေးတဲ့ သဘောပဲ ။

အမ်.. ဒါဆို … ။

သွားပြီ ။

“ မေမေ ” ။


ကြည့်စမ်း ကျွန်တော် မေ့နေလိုက်တာ ။ မေမေ မွေးလိုက်လို့ ကျွန်တော် ရှိလာရတာ မဟုတ်လား ။ ကျွန်တော် လမ်းလျှောက်ခွင့် ရတယ်။ ကျွန်တော် တွေးခေါ်ခွင့် ရတယ်။ ကျွန်တော်ကြိုက်တဲ့ ကဗျာတွေကို ရေးသားခွင့်.. အို ကုန် ကုန် ပြောရရင်ကျွန်တော် လုပ်ခွင့်ရသမျှ မေမေ့ ကြောင့်ပဲ မဟုတ်လား ။

ဒါနဲ့ မွေးနေ့ရဲ့ အနက်ကို မေမေ လို့ ပြန်ဆို လိုက်တယ် ။

“ မေမေ ဟာ ကျွန်တော့်ရဲ့ မွေးနေ့”

ကျွတ်.. ကြည့်စမ်း။ ဘယ်လောက်လှလိုက်တဲ့စကားလုံးလဲ… သိပ် အဓိပ္ပါယ်ရှိမနေပေဘူးလား ။

အခု မေမေ နဲ့ ကျွန်တော်က တမြို့စီ မှာပါ ။ ကျွန်တော် တစ်ခါမှ မေမေ့အတွက် ရည်ရွယ်ပြီး ကုသိုလ် မလုပ်ဖူးပါ ။ ဒီတစ်ခါ ကျွန်တော့်မွေးနေ့မှာ မေမေ့ အတွက်လို့ ရည်ရွယ်ကာ လုပ်စရာများကို စီစဉ်ကြည့်မိပါသည် ။ ပထမဆုံး အလုပ်ကတော့ မွေးနေ့မနက်စောစောမှာ ဘုရားပန်း လှလှလေးတွေဝယ်ပြီး ဘုရားမှာ ပန်းတွေဝေနေအောင် ကပ်မည် ။ ပြီးတော့ မေမေ့ ကျေးဇူးတွေကို ပြန်လည်သုံးသပ်ကာ အဲဒီလို ကျေးဇူးသိတတ်ခြင်းကြောင့် ရလာနိုင်တဲ့ ကုသိုလ်တွေနဲ့ သတ္တ၀ါတွေအား အမျှဝေမည်။ နောက်ပြီး လခထုတ်ရင် မေမေ့တွက် တခုခု ၀ယ်ကာ အိမ်ပြန်ရမည်။ ကျွန်တော် စီစဉ်ကြည့်နေမိသည်။


ကျွန်တော်တို့ ဘီအီး ကျောင်းသား ဘ၀တုန်းကတော့ ပြာသိုလပြည့်နေ့ ( အမေနေ့ ) ရောက်ရင် အမေ့မေတ္တာဖွဲ့ကဗျာလေးတွေရေးကာ လက်ကမ်းကဗျာ စာရွက်လေးတွေ လိုက်ဝေဖူးပါသည် ။ အဲဒီတုန်းက ကျောင်းပိတ်လို့ အိမ်ပြန်တော့ မေမေက ကျွန်တော့်ကဗျာလေးတွေကို တွေ့သွားပါသည်။ သူ ဖတ်ကြည့်ပြီး မျက်ရည်ကျသည်။ မေမေ ဘာကို ခံစား လိုက်ရပါသလဲ ။ ကျွန်တော် မေးမကြည့်ဖြစ်ပါ ။ နားလည်စွာ ဆိတ်ဆိတ်နေခဲ့သည် ။ ကျွန်တော့် ပတ်ဝန်းကျင်က အရမ်းကြိုက်သည်ဟု ပြောသော ကဗျာတစ်ချို့ ကျွန်တော့်မှာ ရှိပါသည်။ ( ဘလော့ပေါ် မတင်ဖြစ်ပါ ) ။ ဒါပေမယ့် သူတို့ပြောတဲ့ အဲဒီ အကောင်းစားဆိုတဲ့ ကဗျာတွေထက် မေမေ့ မျက်ရည်တွေ မတားနိုင် ဖြစ်ရတဲ့ ကဗျာရိုးရိုးလေး တစ်ပုဒ်အတွက် ကျွန်တော် ဂုဏ်ယူချင်ပါသည်။ ( သူလို ကိုယ်လို အမေတစ်ယောက် )။


ကျွန်တော်တို့ မောင်နှမတွေ ငယ်ငယ်တုန်းက ဟိုးအဝေး ချင်းတောင်တန်း တွေရဲ့အခြေမှာရှိတဲ့ တောင်ခြေမြို့လေးမှာ ကြီးပြင်းခဲ့ရပါတယ်။ ဆယ်တန်းကိုလည်း အဲဒီက အောင်ခဲ့တာပေါ့။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှ သောကြောင့် ဆယ်တန်းအောင် မန္တလေး ကျောင်းသွားတက်သောကျွန်တော်တို့အဖို့ ကျောင်းပိတ်ရက် အိမ်ပြန်သောအခါ ဒုက္ခရောက်ခဲ့ကြပါတယ်။ မိုးတွင်းဆိုလျှင် ကားလမ်းမပေါက်သောကြောင့် ချင်းတွင်းမြစ်ကို အသုံးပြုကာ ရေလမ်းမှ သွားကြရသည် ။ ထိုအချိန်က အင်ဂျင်ကောင်းကောင်းတွေနဲ့ ကိုယ်တိုင်တပ်ဆင်ထားသော အမြန်ယာဉ် စက်လှေများမှာ စနစ်တကျ တွက်ချက် ပြုလုပ်ထားခြင်းမဟုတ်သောကြောင့် လှိုင်းနဲနဲ ထန်ရင်ကို ခါရမ်းကာ အကွေ့တွေ ၊ ၀ဲတွေ ၊ တစ်စင်းနဲ့ တစ်စင်း အရှောင်အတိမ်းတွေမှာ မှောက်ကြပါသည်။ စိတ်ပျက် ကြောက်လန့်စရာပင် ။


ကားလမ်းပေါက်သော ရာသီများတွင်လည်း မှန်လုံကားများမှာ ကုန်များ အဆမတန် တင်ကြသောကြောင့် လူများမှာ ကုန်များကြား ညပ်သိပ်ကာ ကားထဲဝင်ထိုင်ပြီးပြီ ဆိုပါက ဟိုလှုပ်ဒီလှုပ် လုပ်လို့ မရတော့ပါ ။ ထို့ပြင် မဟာမြိုင်တောနက်ကို ဖြတ်သန်း ဖောက်လုပ်ထားသောလမ်း ဖြစ်သောကြောင့် ရှည်လျားကြမ်းတမ်းကာ ကားလမ်းဘေး ချောက်များလည်း ရှိတဲ့နေရာ ရှိပါသည်။ မကြာခဏဆိုသလို တိမ်းမှောက်တတ်ကြပါသည်။


ကျွန်တော်တို့မြို့လေးမှာ ကျွန်တော့်မိသားစုရှိသောကြောင့် ရအောင် ပြန်ရ သော်လည်း ကျွန်တော် ထိုမြို့လေးမှာ မနေချင်တော့ပါ။ အရင်က မြို့လေး ကျွန်တော့်အတွေးထဲ ရောက်လာတိုင်း မေမေ့မျက်နှာကို ယှဉ်တွဲမြင်ယောင်မိပါသည်။ အားလုံးက အဆင်ပြေသော အခြားမြို့တစ်မြို့သို့ ပြောင်းချင်ကြသော်လည်း မေမေက သူတို့မျိုးရိုး ဇာတိမြေ ဖြစ်သောကြောင့် မြို့လေးကို ခွဲခွာ မပြောင်းရွှေ့လိုပါ။ နောက်ပြီး ကျွန်တော်တို့အိမ်ကမေမေစုဆောင်းထားသောငွေလေးနဲ့မနည်းကြိုးစား ဆောက်ထား ရသောကြောင့် ထိုအိမ်လေးအပေါ် မေမေ့ သံယောဇဉ်ကြီးမားပါသည်။ ခြံထဲတွင်လည်း မေမေ စိုက်ထားသော သီးပင် စားပင် များနဲ့ တောအုပ်အတုလေး ဖြစ်နေပြီ။ (မေမေက အားရင် ခြံထဲဆင်းကာ မြေကြီးတွေ ဟိုဆွဒီဆွ ၊ အပင်တွေရေလောင်း နဲ့ ပျော်နေတတ်ပါသည်။) မေမေ့ကို အတင်းကြီး မတိုက်တွန်းချင်သော်လည်း လမ်းပန်းဆက်သွယ်ရေးကောင်းသော အဆင်ပြေရာအခြားမြို့တစ်မြို့သို့ ပြောင်းချင်ပါသည်။ အဲဒီလို ခံစားချက်တွေ ရင်ထဲ ထုံးဖွဲ့လာသောအခါ ကဗျာတစ်ပုဒ် ချရေးမိသည်။

“ မြို့ ”။

ထို “ မြို့ ” ကဗျာလေးကို ပြန်ဖတ်မိတိုင်း မေမေ့ကို မြင်ယောင်ကာ မျက်ရည်ကျမိသည်အထိ ကျွန်တော့်ခံစားချက် ကြီးမားပါသည်။ ဘာဖြစ်လို့လဲ ဆိုတော့ သူချစ်သော အိမ်ခြံလေးကို ထားရစ်ကာ မြို့လေးမှ အပြီးအပိုင်ပြောင်းရွှေ့ဖြစ်ခဲ့ဖို့ မေမေ့ကို ကျွန်တော်က ဦးဆောင် စည်းရုံးခဲ့ခြင်းကြောင့် ဖြစ်သည်။ မြို့လေးနဲ့ မေမေ့ ကြားမှာ ကျွန်တော်က အသည်းခွဲ သမားကြီးပေါ့ဗျာ။ ( ထိုကဗျာလေးကို ကျွန်တော့်ရဲ့သူငယ်ချင်း ကဗျာဆရာအကိုကြီး ခေါင်ခါးခါး ( မြဆင့်ချယ် ) က ရတီ မဂ္ဂဇင်းတွင် သူရေးသော မြို့လေးသမိုင်းနှင့် ချင်းတောင်တန်း လူမျိုးများအကြောင်း အခန်းဆက် ဆောင်းပါးရှည်တွင် အဖွင့်ကဗျာအဖြစ် သုံးစွဲခဲ့သည်။ )

ဘာပဲပြောပြော ကျွန်တော့်မွေးနေ့မှာ မေမေ့အတွက် ကဗျာလေးတွေ တင် လိုက်ပါပြီ။ မေမေက အင်တာနက် မသုံးသောကြောင့် မြင်တွေ့ခံစားနိုင်မယ် မဟုတ် သော်လည်း ဒီကဗျာလေးတွေကို လာရောက်ဖတ်မိသူတိုင်းကိုယ့်အမေကိုယ်မြင်ယောင်ကာအမေ့ကျေးဇူးတွေကိုပြန်လည်သတိရကြမည်ဆိုလျှင်
ဘယ်လောက်ကောင်းလိုက်ပါမည်လဲ။(မေမေသိလျှင်လည်းပီတိတွေ ဖြာနေ မည်မှာ သေချာသည် ) ။ သူများတွေလို ငွေကုန်ကြေးကျခံကာ မွေးနေ့ပွဲတွေ မလုပ်နိုင်သော်လည်း ကျွန်တော့် မွေးနေ့ပွဲလေး ခမ်းနားနေပါသည်။ ကျွန်တော့်မွေးနေ့ကို မေမေ့အတွက်ရေးတဲ့ ကဗျာလေး တွေနဲ့ ထုဆစ်ထားပါသည်။

ကဲ…. ကျွန်တော် ဘယ်လောက် မှန်လိုက်သလဲ။

( ဘာလဲ ကျွန်တော် မမှန်ဘူးလား )

ပိုင်မင်းဆွေ



မေမေဟာ ရန်သူတွေကို တစ်ယောက်တည်း ရင်ဆိုင်


ပုခက်လွှဲတဲ့လက်ဟာ

သွေးသံရဲရဲ စစ်ပွဲတွေထဲ

ရေလောင်းရင်း မီးလောင်နေသူ ။


‘ မေမေ ’ ။

မေမေ လို့
ကျွန်တော် တိုးတိုးလေး ခေါ်လိုက်တယ် ။


သားချော့တေးတွေနဲ့
ကမ္ဘာကြီးကို လက်ဆင့်ကမ်းခဲ့တာပေါ့ မေမေ
စံပယ်ပန်း ဖြူဖြူလေးတွေဟာ မေမေ့ကြောင့်ပွင့်တာ

မေမေ့ဆွဲအားကြောင့် ဒီရေ တက်တာပေါ့


မေမေ ပျိုးထားတဲ့ ကြယ်ပန်းခင်းတွေထဲ
သားသားတို့တိုးခွေ့ဆော့ကစားတဲ့အခါ

မေမေ တနေရာကနေ မျှော်ငေးကြည့်နေမယ်

မေမေ့ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့

မေမေ့ လက်ထဲမှာတော့ အေးစက်တဲ့ဓားတစ်လက်

တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ ရန်သူတွေကို

မိန်းမသားဖြစ်တဲ့ မေမေ ၊ ဘယ်လို ရင်ဆိုင်မလဲ


ပန်းခင်းထဲ သင်းပျံ့နေတဲ့ တခိုးခိုး တခစ်ခစ် ရယ်သံတွေဟာ
မေမေ့ ရင်ထဲ အရောက်ဝင်ခဲ့တယ်

အဲဒီ မီး နဲ့ပဲ မေမေ ရပ်စောင့်လို့နေခဲ့


ဒီဇာတ်လမ်းမှာ ပျော်ရွှင်မြူးတူးနေကြသူတွေကတော့

ဘာမှ မသိသေးတဲ့ သားသားတို့မောင်နှမတတွေပေါ့

မေမေရယ် ။



ဒီကဗျာလေးက သင့်ရင်ထဲ ရောက်ပါ့မလား ။ ဒါမှမဟုတ် သေချာ နားမလည်ဘူးလို့များ ပြောမလား။ ဒီကဗျာလေးဟာ ကျွန်တော့်ဘ၀ထဲကထွက်လာတယ် ဆိုသော်လည်း လူတိုင်းနဲ့ သက်ဆိုင်သည်ဟု ကျွန်တော်ထင်သည်။

ကျွန်တော် ချပြချင်တဲ့ image ကို သင် ဖြတ်ကနဲ ရိပ်မိလိုက်ပါသလား ။( ဒီလိုပြောရင်တချို့က မကြိုက်ချင်ပါ )။ အဲဒီအရာကို သင် ဖမ်းမိပါစေလို့ ဆုတောင်းရင်း .. ။(ကျွန်တော့်ဆီကို လာလည်တဲ့သူ အများစုက ကဗျာ အနုပညာကိုယ်ခံအား ကောင်းကြသူဟု မျှော်လင့်ပြီးသားပါ ။ )



မြို့


တို့မြို့လေးက ပုံပြင်တစ်ပုဒ်ပဲ
အဝေးကကြည့်ရင် တစ်ခုခုနဲ့ ကွယ်နေတတ်တယ်။

ရင်ခုန်သံနဲ့ ရင်ခုန်သံ
ချိတ်ဆက်ထားရာ အဝေးပြေးလမ်းမများ
မြို့အ၀င်မှာ နေကြာပန်းခင်းများ
အနောက်ဖက် ချင်းတောင်တန်းများ
တို့မြို့လေးဟာ စဉ်းစားစရာကောင်းတယ်။

တစ်ချိန်က မြက်ခင်းတွေမှာ ဆော့ကစားခဲ့ပြီး
အခုကောင်းကင်ပေါ်မှာ ဆော့ကစားချင်သူ
ငါ့အတွက်
တို့မြို့လေးဟာ အမြင်စောင်းစရာပေါ့။

ငါ့အဖေနဲ့ ငါ့အမေဟာ
အခုထိ တို့မြို့လေးမှာ ရုန်းကန်နေရတုန်း
ပင်လယ်ကို ရှာဖွေတုန်း။

ငါ့အမေအတွက်တော့ တို့မြို့လေးဟာ
အမြဲစိမ်း အသက်ဝင်နေတဲ့ ရှုမျှော်ခင်း
ငါဟာ တို့မြို့လေးကို
နှလုံးသားနဲ့ စိုက်ကြည့်ဖူးသလို
ကိုယ်နဲ့မဆိုင်သလို ခါးထောက်ရပ်ကြည့်ဖူးတယ်။

ဆောင်းဝင်ရင် တို့မြို့လေးဟာ
နှင်းမြူထဲမှာ ချမ်းလို့ တုန်လို့
မနက်စောစော အပြေးလေ့ကျင့်ဖူးတဲ့ ငါ့ငယ်ဘ၀လည်း
အဲဒီ နှင်းတွေထဲမှာ ကျန်ခဲ့။

ငါ့သံယောဇဉ်မှန်သမျှ
တုပ်နှောင်ထားရာ အရပ်ဒေသ
ငါဟာ တို့မြို့လေးမှာ ကြီးပြင်းခဲ့ပြီး
ငါဟာ တို့မြို့လေးမှာ ကောင်းကောင်းကြီး တိုက်ခတ်ခဲ့ဖူးတယ်။

ငါတို့မိသားစုတွေဟာ
တို့မြို့လေးမှာ ခေါင်းချဖို့ တစ်ခါမှ မပြောဖူးကြဘူး
တို့မြို့လေးဟာ ကျန်းမာရေးကောင်းတလှည့် မကောင်းတလှည့်
တို့မြို့လေးဟာ ကမ္ဘာကြီးကို ကြားတလှည့် မကြားတလှည့်
တနေ့နေ့မှာ
တို့မြို့လေးဆီ ငါ ပြန်လာနိုင်မှာလား
ငါ့အမေဟာ
ယောဂီဝတ်စုံကြီးဝတ်ပြီး ငိုနေတယ်။




သူလိုကိုယ်လို အမေတစ်ယောက်

ဆေးပုလင်းလေး ထိပ်ပိုင်း
ပြတ်ကျသွားတဲ့ အသံရှိရာ နားစွင့်လိုက်
ဆောင်းဝင်ရင် ချင်းတဘက် အနီကြီးပတ်ပြီး
သူအလုပ်ရှုပ်နေလိမ့်မယ်

တရားရိပ်ကို သူ မခိုနိုင်သေးဘူး

တနယ်တကျေးမှာ

သူ့သားတွေဟာ လိမ္မာရဲ့လား

သူ့စိတ်ကူးနဲ့တော့ သူ့ပန်းခင်းဟာ မွှေးပျံ့လို့

သူဟာ ပင်လယ်ပြင် စိုက်ပျိုးရေးသမား

တစ်ယောက်ပေါ့

သူ မှန်မကြည့်ဖြစ်တာ တော်တော် ကြာပြီ

သူ့မျက်နှာပေါ်က အရေးအကြောင်းတွေကို

သူ မမြင်လိုဘူး သူ ရှေ့ဆက်ရအုံးမယ်။



( အထက်က ကျွန်တော်ပြောခဲ့တဲ့ ကျွန်တော့်အမေ ဖတ်မိသွားပြီး မျက်ရည်ကျခဲ့တယ် ဆိုတဲ့ ကဗျာပေါ့ဗျာ… )





သားသားက နေရောင်ခြည်


မေမေဟာ ဘယ်လို လူစားမျိုးလဲ
ထမင်းတွေ ၀ါးတုန်းက ၀ါးပြီး မြိုမချဘဲ
ကျွန်တော့် ပါးစပ်ထဲ အတင်းထိုးထည့်တယ်။


မေမေ့နို့ကို ခဲပြီး

မနက်ဖြန်ကို လက်သီးလက်မောင်း တန်းနေသူဟာ ကျွန်တော်ပေါ့

“ သားသား .. မင်း သိပ်ငယ်လွန်းသေးတယ် ”

မေမေဟာ ကျွန်တော့်ကို ပွတ်သပ်နေရုံကလွဲပြီး
ကျွန်တော့် မေးခွန်းတော်တော်များများကို မဖြေခဲ့ဘူး ။


မေမေဆိုနေတာ ဘယ်လို ဂီတ အမျိုးအစား များလဲ
မေမေ့စာသားဟာ ကျွန်တော်နဲ့ အလှမ်းဝေးသေးတယ်လို့

အဲဒီတုန်းက ကျွန်တော် သတိထားမိရဲ့လား

ကျွန်တော့်ကို ကျောင်းလိုက်ပို့ခဲ့တယ်

မေမေ့ဇာတ်လမ်းမှာတော့ ကျွန်တော်က သူရဲကောင်း

ကျွန်တော် ဓား တစ်ချောင်းရခဲ့တယ်။


ငှက်တွေကို ကျွန်တော်အားကျမှန်း မေမေသိတယ်

ကျွန်တော် ဖျားနာရင် အိပ်မပျော်နိုင်သူဟာ ဘယ်သူဖြစ်မလဲ

ကျွန်တော်ပျော်ရွှင်စွာ ဆော့ကစားနေရင်

မေမေ ဆိုတာ

အလင်းဓာတ်ရကာ ရွှင်လန်းနေတဲ့ ပန်းပင်လို

အလှပဆုံး ဖူးပွင့်လို့


ကမ္ဘာမြေကို ဖွဲ့နွဲ့လိုက်ရင်

မေမေ့ မျက်နှာအေးအေးလေး ရလာမယ်လို့

မေမေ့ကို ကျွန်တော် သီကုံးမပြတတ်သေးဘူး


ကျွန်တော့် လက်ညှိုး သေးသေးလေးနဲ့ ညွှန်ပြတဲ့ အရပ်ကို

မေမေ ကြည့်လိုက်တယ်

ခဏနေတော့ မေမေ့ ပါးပြင်ပေါ် အပြုံးတစ်ခု ဆိုက်ကပ်လို့

မေမေက သူသိပါတယ် ဆိုတဲ့ အကြည့်နဲ့ ကြည့်ရင်း ပြောတယ်

မေမေ့ စကားကို ကျွန်တော် နားလည်ခဲ့ရဲ့လား


“ ခေတ်အဆက်ဆက်မှာ အမေဆိုတာ

စစ်ပွဲတွေကို ပျက်ရယ်ပြုခြင်း သီချင်းတစ်ပုဒ်

မေတ္တာတရား ကိုယ်စား အစာအငတ်ခံသူ

မိုးခေါင်ရေရှား အရပ်မှာ ရွာတဲ့

မနက်ဖြန် အသက်ရှင်ခွင့် မိုးသားများ ”


မေမေက ပြောတယ်

“ သားသားက နေရောင်ခြည် ” ။



ဒီနှစ် ကျွန်တော့်မွေးနေ့က သီတင်းကျွတ်လပြည့်နေ့နဲ့ ကပ်လျက် ဖြစ်နေသည်။
မေမေ ဒီချိန်ဆို ခြံထဲမှာ မီးပုံးတွေထွန်းပြီး ဘုရားမှာလည်း ဆီမီးတွေ ထိန်နေအောင် ကပ်လှူထားလောက်ပြီ။
ကျေးဇူးရှင် မာတာ မွေးမိခင် မေမေ့အား မြင်ယောင်ရင်း ဒီကဗျာလေးတွေနဲ့ ရိုကျိုး နှိမ့်ချစွာရှိခိုး ဦးချ လိုက်ရပါသည်။


ပိုင်မင်းဆွေ

Wednesday, October 24, 2007

သူမရဲ့ လိမ္မော်ရောင် ထီးရှည်


















img internet
photo retouching by minswe


သူမရဲ့ လိမ္မော်ရောင် ထီးရှည်

သူမရဲ့ လိမ္မော်ရောင်ထီးဟာ
အချစ်စိတ်ရဲ့ သင်္ကေတလို့
ကျွန်တော့်ကို ဘယ်သူပြောလဲ
(ဘယ်သူမှမပြောပေမယ့်)

မိုးဒဏ်နဲ့နေဒဏ်ကို အလုံအလောက်အကာအကွယ်ပေးနိုင်တဲ့
ထီးရွက်နဲ့ ကြံ့ခိုင်တဲ့ ကိုင်းတွေရှိတယ်။

လူတွေကို မှုန်မှုန်လေး မြင်ရတဲ့နေရာကနေ ကြည့်ရင်
ဒါဟာ သူမ ပဲလို့
သူမရဲ့ လိမ္မော်ရောင်ထီးက ပြောပြတယ်။

ထီးဆိုတာ မိုးနေ ကာကွယ်ဖို့လို့
ရိုးရိုးသားသား အတွေးအခေါ်နဲ့ ကျွန်တော်ဟာ
သူမနဲ့ သူမရဲ့ လိမ္မော်ရောင်ထီးကို
သာမာန်ထက် ပိုမတွေးခဲ့။

နေပူပြင်းတဲ့နေ့တွေမှာ
လိမ္မော်ရောင်ထီးဟာ သူမ အပြုံးတွေကို
ကာကွယ်ပေးသူ
သည်းထန်တဲ့မိုးစက်တွေကြားက
သူမကို လုံအောင် ဖုံးထားသူ
သူမဟာ ထီးကို သူရဲကောင်းတစ်ယောက်လို
ထင်မှတ်သုံးစွဲနေပုံမျိုးနဲ့
ခံယူ ရင်ကော့ရင်း
လိမ္မော်ရောင်ထီးဟာ မာနကြီးသူပေါ့။

လိမ္မော်ရောင်ထီးဟာ ကျွန်တော့်အတွက်တော့ သူ့မှာ
နေရာမရှိပါဘူးဆိုတဲ့ မျက်နှာပေးနဲ့
နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ဖြတ်လျှောက်သွားတဲ့အခါ
ဒါဟာ သူမလား သူမရဲ့ လိမ္မော်ရောင်ထီးလားလို့
ဝေခွဲမရအောင် တစ်သွေးတည်း တစ်သံတည်း ရှိခဲ့တယ်။

သူမဟာ အဲဒီထီးကို ဆောင်းပြီး
သူမရဲ့ချစ်သူနဲ့ အနမ်းမိုး စွေရင် စွေခဲ့ဖူးမယ်
( နေမပူလည်း ထီးဆောင်းကာ ဆိုတဲ့သီချင်းလိုပေါ့ )
မိုးရေထဲမှာ လျှောက်လည်ရင် လည်ခဲ့ဖူးမယ်
(အဲဒီအချိန် သူမရဲ့မျက်နှာလေးဟာ ဘယ်လို ရှိနေမလဲ )
ကျွန်တော့်အတွက်တော့ ဒါဟာ
အနှေးပြကွက် အက်ရှင်တစ်ခုလို ခံယူ လက်ခံရင်း
အဝေးကသာ ငေးမောနေရုံပေါ့။

သူမဟာ လိမ္မော်ရောင်ထီးကို
ဖက်ရှင်တစ်ခုလို သုံးစွဲခဲ့တာ ဆိုရင်တော့
တစ်ချိန်မှာ ဒီဇိုင်းအသစ် အခြားအရောင်တစ်မျိုးမျိုးရှိတဲ့ ထီးအသစ်ကို
ပြောင်းလဲ သုံးစွဲ လိမ့်မယ်
အဲဒီအခါကျမှ လိမ္မော်ရောင်ထီးကို
ကျွန်တော် ပြောချင်ပါတယ်
လိမ္မော်ရောင်ထီးရေ ...... မင်း သိပြီလားလို့
အခု ခံစားချက်ဆိုတဲ့ စကားလုံးရဲ့ အတိမ်အနက်ကို
မင်း နားလည်ပြီ မို့လားလို့
မေးချင်ပါတယ်
အဲဒီအခါ ချောင်ထိုးခံထားရတဲ့ လိမ္မော်ရောင်ထီးဟောင်းလေးက
ဘာပြန်ပြောလိမ့်မလဲ ဆိုတာကို
ကျွန်တော်ဟာ တွေးကြည့်ရင်း စဉ်းစားနေမိတယ်။


ပိုင်မင်းဆွေ

၂၄.၁၀.၂၀၀၇
၁ နာရီ ၅၅ မိနစ် ။

..............................................................................

Sunday, October 21, 2007

အခန်းရဲ့ အပြင်အဆင်


အသံတွေက ကိုယ့်ဆီ ပြန်မလာတဲ့အခါ
လွှတ်တင်လိုက်တဲ့ နှလုံးသားလေးပဲ ပြတ်ကျလာ
စိတ်မထင်တဲ့အခါတိုင်း စိတ်လိုလက်ရရှိတဲ့အခါတိုင်း
မေတ္တာတရားတွေ အပိုင်းပိုင်း အပြတ်ပြတ်
ညအခါ ကြယ်မှုန်ကြယ်မွှားတွေလို ပြိုးပြိုးပြက်ပြက်
မဖြစ်စလောက် အလင်းရောင်ကလေးတွေ ထွန်းလင်းလွန်းပါတယ်။

လမ်းကြုံလို့ ဒီဖက်ကို ရောက်ခဲ့လို့
ဒီအခန်းလေးထဲ ၀င်ထွက်သွားလာပါ
အဲဒီမှာ အများနဲ့သက်ဆိုင်တဲ့ အိပ်မက်တွေရှိတယ်
မြေဖြူတောင့်တွေ ထည့်ပစ်ရတဲ့ ခြောက်လုံးပြူးတစ်လက်ရှိတယ်
တစ်စုံတစ်ယောက်က မေးရင် ဖြေဖို့
သူရှိပါတယ်ဆိုတဲ့ ကြာသပတေးနေ့ တစ်နေ့ရှိတယ်

လာပါ... တစ်ခေါက်လောက်လည်ပတ်ပါ
ခင်ဗျားကောင်မလေးက ခင်ဗျားကို မချစ်တော့ရင်
အကြံဥာဏ်ကောင်းတွေ ပေးမယ်
ဒါမှမဟုတ် ကမ္ဘာမြေကြီးအတွက် သီချင်းတစ်ပုဒ်
ပျော်ပျော်ပါးပါး တီးခတ် သီဆိုကြမယ်
ပေါင်မုန့် နဲ့ မနက်ဖြန်မိုးလေ၀သ သတင်းများ
ပြောလို့ ဆိုလို့
ဒါစည်းကမ်းလေးမို့ပါ ငှက်ကလေးတွေနဲ့ မိတ်ဆက်မပေးတော့ဘူး
လ္ဘက်ရည်ဆိုင်ထိုင်တဲ့အခါတို့ ဘီယာဆိုင်ထိုင်တဲ့အခါတို့ ဆိုရင်တော့
ခင်ဗျားက ပိုက်ဆံ ထုတ်ရှင်းဖို့ပြောပါရစေ
ပီတိကိုစား အားရှိသူပါ
ခင်တတ်ပါတယ် အားရင်တော့ ၀င်ခဲ့ပါ
အဲဒီမှာ ချစ်ခြင်းရဲ့ ရနံ့တွေ ပွင့်ဝေနေလိမ့်မယ်။


ပိုင်မင်းဆွေ

၂၀၀၅

................................................................................

Saturday, October 13, 2007

သစ်ရွက်




လူမသိ သူမသိ ပွင့်ပြီး

တိတ်တခိုးလေး ကြွေကျ

သွားချင်တယ်။


ပိုင်မင်းဆွေ

၂၀၀၄

........................................................................

Thursday, October 11, 2007

ဒဏ်ရာကဗျာ


ငါ မက်နေတဲ့ အိပ်မက်ထက်
မင်းမက်နေတဲ့ အိပ်မက်ကို ပိုဂရုစိုက်ခဲ့ ။

ငါ လက်တွေ ဆိုတာလည်း
မင်း အတွက် အနာဂတ်တွေ ချုပ်လုပ်ဖို့ ကြိုးသီဖို့ ။

မင်း နှုတ်ခမ်းလေး ဆေးဆိုးစရာ
ငါ့ အကြောထဲက သွေးတွေ ။

မင်းမွေးတုန်းက ခြေထောက်တွေ ပါလာတာဟာ
ငါနဲ့ဝေးရာ ထွက်ပြေးဖို့လား။

မင်းအ၀တ်အစားတွေ ညစ်ပေရင်
ငါ့ အနှစ်နှစ် အလလ မျက်ရည်တွေနဲ့ လျှော်ဖွပ်ပါ။

ငါ့မှာ ကြီးမားတဲ့ ဘ၀ရည်မှန်းချက်တစ်ခုရှိတယ်
မင်း ဆံပင်တွေအကြောင်း ကမ္ဘာကျော် ကဗျာ တစ်ပုဒ်ရေးဖို့ပဲ ။

ငါသေရင် ငါ့ အုတ်ဂူ နံဘေးမှာ
မင်းနံမည်တွေ ပွင့်တဲ့ သစ်ပင်တစ်ပင် ပေါက်လာလိမ့်မယ် ။

မင်းဟာ ငါ အသက်ရှင်စဉ်တုန်းက ပြုခဲ့ဖူးတဲ့
တစ်ခုတည်းသော ကောင်းမှု ကုသိုလ်လေးပဲ ။

ငါပြုဖူးသမျှ အကုသိုလ်တွေဟာလည်း
မင်းပဲ ဆိုတာကိုတော့ ငါဟာ စကားလုပ် ပြောနေမှာ မဟုတ်ဘူး ။

ဘ၀မှာ အခက်အခဲ မရှိ ကြီးပြင်းခဲ့သူ
ကြယ်တွေ တပွေ့တပိုက်ကြီးနဲ့ မိန်းကလေး
မင်းကြောင့်ရခဲ့တဲ့ ကုသိုလ်တွေကို ငါဟာ ငြင်းပြီ
အကုသိုလ်တွေရဲ့ ကံ ကံ၏ အကျိုးကို မငြင်းဘဲ
ဆေးပေါ့လိပ်လေး အေးအေးလူလူ ဖွာပြီး ထိုင်စောင့်နေသူဆိုရင်
မင်း ပျော်နေမလား
ကြယ်တွေတပွေ့တပိုက်ကြီးနဲ့ မိန်းကလေး ။

ပိုင်မင်းဆွေ

၂၀၀၅

.........................................................................